ရသေ့တောင်မြို့နယ် ပြိန်းတော ကုန်တန်းစာသင်ကျောင်းမှာ တပ်မတော်စခန်းချလို့ ပျက်စီးမှုတွေရှိခဲ့လို့ ဒေသခံတွေ ပြော

ဓာတ်ပုံ ရင်းမြစ်, Nu Nu Than
တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ရသေ့တောင်မြို့နယ် ပြိန်းတော ကုန်တန်းရွာအလယ်တန်းကျောင်းမှာ တပ်မတော်စစ်ကြောင်းက စခန်းချခဲ့တဲ့အတွက် ကျောင်းပိုင်ပစ္စည်းတွေ ပျက်စီးခဲ့ရပြီး ကျောင်းအုပ်ဆရာကြီး ရုံးခန်းနဲ့ ဆရာမတွေရဲ့အဆောင်တွေကို မွှေနှောက်သွားခဲ့တယ်လို့ ကျောင်းတာဝန်ရှိသူတွေကပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ သီတင်းကျွတ် ကျောင်းပိတ်ကာလအတွင်း ကျောင်းဆရာ၊ဆရာမတွေ မရှိတဲ့အချိန်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်နေ့မှ ထွက်သွားခဲ့တာဖြစ်ကြောင်းနဲ့ အဲ့ဒီကျောင်းမှာ ၈ ရက် လောက် စခန်းချနေခဲ့တယ်လို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနုက ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။
တပ်မတော်ဘက်ကတော့ သူတို့စစ်ကြောင်းတွေဟာ စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ စခန်းချနေရာ ယူထားတာတွေမရှိဘူးလို့ ပြောဆိုတားတွေ ရှိပါတယ်။
ပြိန်းတော ကုန်တန်းစာသင်ကျောင်း ပျက်စီးခဲ့ရတာနဲ့ ပတ်သက်ပြီး ဘီဘီစီက တပ်မတော်ဘက်ကို ဆက်သွယ်မေးကြည့်ရမှာတော့ ဒီကိစ္စကို သိရှိထားပြီး ကျောင်းမှာ တူးသွားတဲ့ ကျင်းတွေက ရက္ခိုင့်တပ်မတော် (အေအေ) ဘက်က လို့ ပြန်လည်ဖြေကြားပါတယ်။
"အဲ့ဒါက အေအေက တူးသွားတဲ့ကျင်းတွေဖြစ်တယ်၊ တပ်မတော်က အဲ့ဒီကိုမရောက်တာ ၁၀ ရက်လောက်ရှိနေပြီ၊ သွားလည်းမသွားဘူး၊ ပညာရေးဝန်ထမ်းတွေဆိုတာလည်း အေအေကို အားပေးနေတဲ့သူတွေ ပြောတာပဲ ဖြစ်လိမ့်မယ်၊ ဝန်ထမ်းအစစ်က မပြောဘူး" လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nu Nu Than
ပညာရေးဝန်ထမ်းတွေ အပေါ် အခုလို စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘာကြောင့် အေအေ အားပေးသူတွေလို့ ပြောဆိုနိုင်သလဲ လို့ ဘီဘီစီက ထပ်ဆင့်မေးမြန်းရာမှာလည်း တပ်မတော်က ရရှိထားတဲ့ သတင်းတွေအရ လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြန်လည် ဖြေကြားပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော် ပြောဆိုတာမျိုး မရှိပါဘူး။
အဲ့ဒီကျေးရွာတွေဟာ အေအေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့မှုတွေလုပ်ပေးနေတဲ့ကျေးရွာတွေဖြစ်ပြီး တပ်မတော်စစ်ကြောင်းက ကျောင်းမှာလာရောက် စခန်းချနေထိုင်သွားတယ်ဆိုတာက ရွာသားဟန်ဆောင်နေတဲ့ အေအေတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်သာဖြစ်တယ်လို့လည်း သူက စွပ်စွဲပြောဆိုခဲ့ပါတယ်။
ပြိန်းတော ကုန်တန်းစာသင်ကျောင်းက သက်ဆိုင်ရာ တာဝန်ရှိသူ ဆရာမတွေကို မေးမြန်းရာမှာတော့ သူတို့အနေနဲ့ အဖွဲ့အစည်း တစ်ခုခုနဲ့ ဆက်သွယ်တာမျိုး မရှိဘဲ တာဝန်ကျရာ နေရာမှာ စာသင်ကြားတဲ့ တာဝန်ကို ထမ်းဆောင်ပြီး အခု ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကတော့ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
"ကျွန်မတို့က သီတင်းကျွတ်ကျောင်းပိတ်လို့ ၁၀ ရက်နေ့ကနေ အိမ်ပြန်ပါတယ်၊ သူတို့က ၁၁ ရက်နေ့မှာ စခန်းချတယ်လို့ ကျွန်မတို့ကြားရပါတယ်၊ တပ်မ ၂၂ ကလို့ ရွာသားတွေက ပြောပါတယ်၊ ၈ ရက်လောက်နေခဲ့တယ်" လို့ သိရတယ်လို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနုက ပြောပါတယ်။
၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ စစ်တပ် စစ်ကြောင်းက ထွက်သွားခဲ့တယ်လို့ ဒေါ်သန်းသန်းနုက ပြော ပါတယ်။ စစ်ကြောင်းမှာ အင်အား ဘယ်လောက် ပါသလဲ ဆိုတာလည်း မသိရဘူး ဆိုပါတယ်။
ကျောင်းမှာ အရေးအကြီးဆုံးဖြစ်တဲ့ ကျောင်းအုပ်ဆရာကြီး ရုံးခန်းကပစ္စည်းတွေ ပျက်စီးသွားပြီး ကျောင်းခြံစည်းရိုးကိုး ဖောက်ဖျက်ပြီးတော့ ထွက်သွားကာ အသုံးအဆောင်ပစ္စည်းတွေလည်း ပျက်စီးပြီးကျန်ခဲ့တယ်" လို့ ဒေါ်သန်းသန်းနုက ပြောပါတယ်။

အဲဒီကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေဟာ တခြားဒေသတွေက လာရောက်ပြီး တာဝန်ထမ်းဆောင် နေသူတွေ ဖြစ်တဲ့အတွက် ကျောင်းခြံဝင်းအတွင်းမှာ အဆောင်တွေ ဆောက်လုပ်နေကြရကြောင်းနဲ့ အခုလိုမျိုး တပ်မတော်အနေနဲ့ ဝင်ရောက်မွှေနှောက်မှုတွေ ပြုလုပ်လာတဲ့အတွက် ဆက်လက်တာဝန်ထမ်းဆောင်ရမယ့် ဆရာမတွေအတွက် စိုးရိမ်စရာတွေ ဖြစ်လာနေပြီလို့ ဆရာမကြီး ဒေါ်သန်းသန်းနုက သုံးသပ်ပြောဆိုခဲ့ပါတယ်။
ပြိန်းတော ကုန်တန်းအလက ကျောင်းမှာ အခုလိုမျိုး စစ်သားတွေ လာရောက်စခန်းချသွားခဲ့တယ်ဆိုတာကို ရွာသားတွေရဲ့ပြောပြချက်အရ သိရပြီး တပ်မတော်စစ်ကြောင်းဝင်ရောက်လာခဲ့တဲ့နေ့ကနေ ရွာသားတွေကြောက်ရွံ့ ထွက်ပြေးခဲ့ရကြောင်း ရွာသားတွေရဲ့ သတင်းပေးပို့ချက်အရ သိရတာဖြစ်တယ်လို့ ဆရာမကြီးက ပြောပါတယ်။
ကျောင်းရဲ့ အသုံးအဆောင်ပစ္စည်းတွေ နိုင်ငံတော်သချင်းဖွင့်တဲ့ ဆောင်းဘောက်တွေ၊ အိုးခွက်ပန်းကန်တွေနဲ့ ဧည့်သည်တွေကို ဧည့်ခံရာမှာအသုံးပြုတဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်လို့ဆရာမကြီးက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nu Nu Than
"ကျွန်မတို့ ပညာရေးဝန်ထမ်းတစ်ယောက်အနေနဲ့ စိတ်မကောင်းဘူး၊ ဒီလိုမျိုးသာဆိုရင် ကလေးတွေရဲ့ ပညာရေးအတွက် လုံခြုံစွာနဲ့ ဘယ်လိုဆက်ပြီး ပညာသင်ကြားနိုင်တော့မလဲ၊ ကျွန်မအပါအဝင် ဆရာမတွေ အဲ့ဒီမှာ ဘယ်လိုနေထိုင်ရဲတော့မလဲ၊ စိုးရိမ်စိတ်တွေတော့ များနေတယ်။ ပညာရေးဝန်ထမ်းတွေ ဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းစွာနဲ့ပဲ စာသင်ချင်ပါတယ်"လို့ ဒေါ်နုနုသန်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ သီတင်းကျွတ်ကာလ ကျောင်းပိတ်ထားတာဖြစ်ပြီး လာမယ့် တနင်္လာနေ့မှာ ကျောင်းကိုပြန်လည်ဖွင့်တော့မှာဖြစ်ပေမယ့် ကျောင်းပြန်လည်ဖွင့်လှစ်ဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။ ကျောင်းကိုဖွင့်လှစ်မယ်ဆိုရင်လည်း စာသင်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရခိုင် ပြည်နယ် ဒုတိယပြည်နယ်ပညာရေးမှူးကိုလည်း ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် အလုပ်ကိစ္စနဲ့ ခရီးထွက်နေချိန် ဖြစ်လို့ တစ်စုံတစ်ရာ မှတ်ချက်ပြု ဖြေကြားနိုင်ခြင်း မရှိခဲ့ပါဘူး။
ပြိန်းတော ကုန်တန်း အလယ်တန်းကျောင်းမှာ ၈ ရက်ခန့် စခန်းချခဲ့တယ် ဆိုတဲ့ အဲဒီ တပ်မတော် စစ်ကြောင်းဟာ အောက်တို့ဘာ ၁၈ ရက်နေ့က မညှင်းတောင်ကျေးရွာဘက်ကို ထွက်သွားချိန်မှာ အေအေအဖွဲ့နဲ့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက မောင်တော-အငူမော်ကားလမ်းမ ရသေ့တောင်မြို့နယ်အတွင်းက ချိန်ခါလီကျေးရွာအနီးမှာလည်း တပ်မတော်စစ်ကြောင်းတစ်ခုကို အေအေဘက်ကနေ မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။










