ရခိုင်တိုက်ပွဲ - ဘူးသီးတောင်မြို့ NLD ရုံးအနီး မိုင်းပေါက်ကွဲမှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ဘူးသီးတောင်မြို့ပေါ်မှာ အောက်တိုဘာ ၁၀ ရက် ဒီကနေ့မနက် ၉ နာရီဝန်းကျင်လောက်က မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဘူးသီးတောင်ဒေသခံတွေကတဆင့် သိရပါတယ်။
အဲ့ဒီမိုင်းပေါက်ကွဲတဲ့နေရာဟာ ပန်ဇင်းချောင်းတံတား အရှေ့ဘက် ဘူးသီးတောင်မြို့ပေါ်နဲ့ တစ်မိုင်လောက်ပဲဝေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးဆောက်လုပ်နေတဲ့ နေရာအနီး လမ်းမပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲ့ဒီလမ်းမဟာ ဘူးသီးတောင်ရှိ တပ်မ စကခ ၁၅ ကိုသွားတဲ့ လမ်းတစ်လမ်းလည်းဖြစ်ပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့တဲ့အတွက် ဘာတွေဆောင်ရွက်နေတယ်ဆိုတာကို မသိရသေးပါဘူး။
ပေါက်ကွဲမှု ဖြစ်စဉ် အသေးစိတ်နဲ့ ဘယ်အဖွဲ့အစည်း လက်ချက် ဆိုတာကိုတော့ အခုလောလောဆယ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က အတည်ပြု သတင်းထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကို ဘူးသီးတောင်မြို့ပေါ်ကနေ အသံကြားလိုက်ရပြီး တပ်မကိုသွားတဲ့လမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် NLD ပါတီရုံးအနီးမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကတော့ ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။
"တပ်ကိုသွားတဲ့လမ်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်၊ မနက် ၈ နာရီကျော်လောက်ရှိမယ်ထင်တယ်၊ ပေါက်ကွဲသံကိုတော့ ကြားလိုက်ရတယ်၊ နန်းရာကုန်း ရွာနားမှာ လမ်းမနားမှာ ပေါက်တာပါ၊ ထိခိုက်မှုတော့မရှိဘူး" လို့ ဦးအောင်သောင်းရွှေကပြောပါတယ်။
အဲ့ဒီပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာအနီးမှာ နန်းရာကုန်း မွတ်ဆလင်ကျေးရွာရှိပြီး တစ်ဖက်မှာ ဘူးသီးတောင်မြို့ဖြစ်ကာ အဲ့ဒီလမ်းဟာ ဘူးသီးတောင်-ပုဏ္ဏားကျွန်း အဝေးပြေးလမ်းမ ဖြစ်တယ်လို့ သူကပြောပါတယ်။
နန်းရာကုန်း မွတ်ဆလင်ကျေးရွာအလွန်မှာတော့ ကြက်မောက်တောင်ရွာနဲ့ စစ်တပ်တို့ရှိပြီး အခုပေါက်ကွဲခဲ့တဲ့နေရာနဲ့ တပ်မနဲ့ နှစ်မိုင်ဝန်းကျင်လောက်ကွာဝေးတယ်လို့ ဒေသခံတွေကပြောပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းရဲ့ နေရာတိုင်းလိုလိုမှာ ပေါက်ကွဲမှုတွေဖြစ်နေတာ ဖြစ်တဲ့အတွက် ပါတီရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခြင်းဟာ ပါတီအပေါ်မှာ နိုင်ငံရေးအရ တိုက်ခိုက်တာမျိုးလို့ မယူဆကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က မှတ်ချက်ပြုပါတယ်။
"ဒါကတော့ နိုင်ငံရေးအရလို့ပြောဖို့ထက် ပေါက်ကွဲမှုဟာ NLD ရုံးရှေ့လို့မဟုတ်ဘူး၊ ဘုန်းကြီးကျောင်းတွေမှာလည်း ပေါက်နေတယ်၊ ဒါကို နိုင်ငံရေးအရ ပြောဖို့ခက်ပါတယ်၊ ဒါကတော့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ပဲ သုံးသပ်တယ်၊ ထောင်တဲ့နေရာမှာ ပေါက်တာပဲ" လို့ ဝန်ကြီးဦးဝင်းမြင့်က ပြောပါတယ်။
လက်ရှိမှာတော့ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းဒေသမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် တို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး ဒေသခံ ကျေးရွာ အများအပြားက ကျေးရွာသားတွေဟာ ဘူးသီးတောင် မြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးခိုလှုံနေကြရပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန် အောက်တိုဘာ ၈ ရက် မနက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာသား အသက် ၆၅ နှစ်အရွယ် မွတ်ဆလင်တစ်ဦးဟာ ကျေးရွာအနီးငါးရှာထွက်နေစဉ် တပ်မတော်စစ်ကြောင်းက ပစ်ခတ်မှုတွေအတွင်း ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
ဒါ့အပြင် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာလည်း အောက်တိုဘာ ၈ ရက်နေ့ညက တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး အသက် ၈၀ ဝန်းကျင် အဘွားတစ်ဦးနဲ့ အသက် ၁၇ နှစ်အရွယ် မသန်စွမ်းသူတစ်ဦးတို့ သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အခုလတ်တလော အောက်တိုဘာ ပထမအပတ်ကနေ စတဲ့ တိုက်ပွဲတွေအတွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ထောင်နဲ့ချီ ရှိနေပြီလို့ ဒေသခံ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ရခိုင် မြောက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်ဝန်းကျင်ကာလ အတွင်းမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ စစ်ဘေး ဒုက္ခသည် ဦးရေ ၇ သောင်းနီးပါးရှိလာနေပြီ ဖြစ်တဲ့အပြင် အရပ်သား ထိခိုက် သေဆုံးမှုတွေ တဖြည်းဖြည်းမြင့်တက်လာနေပြီး ဒဏ်ရာရရှိသူ ၁၃၀ ကျော်၊ သေဆုံးသူ ၈၀ ကျော် အထိ ရှိလာနေပြီလို့ အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
ရခိုင်စစ်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေအတွက် ရခိုင်ပြည်နယ်လွှတ်တော်နဲ့ ရခိုင်နိုင်ငံရေးပါတီတွေက အစိုးရ၊ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တောင်းဆိုပန်ကြားမှုတွေ လုပ်ဆောင်ခဲ့ကြပေမယ့် လူနေ ဒေသတွေ အနီး တိုက်ပွဲတွေ ဖြစ်ပွားမှုနဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေက နေ့စဉ် ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။










