နော်အုံးလှကို ထောင် ၁၅ ရက် ချမှတ်၊ ချုပ်ရက်နဲ့ ပြန်လွတ်

ဓာတ်ပုံ ရင်းမြစ်, Khin Maung Win
ကရင်အမျိုးသမီး အစည်းအရုံးဥက္ကဋ္ဌ နော်အုန်းလှနဲ့ ကရင်လူငယ်များဖြစ်တဲ့ စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်း တို့ကို ငြိမ်းစုစီဥပဒေနဲ့ ထောင်ဒဏ် ၁၅ရက်ချမှတ်လိုက်ပါတယ်။
အဲဒီလိုချမှတ်လိုက်ပေမယ့် ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်ပြုလို့ နော်အုံးလှအပါအဝင် သုံးဦးလုံး ဒီနေ့ပဲ ပြန်လွတ်ခဲ့ပါတယ်။
သူတို့သုံးဦးတို့ကို ရန်ကုန်မဟာဗန္ဓုလပန်းခြံမှာ ကရင့်အာဇာနည်နေ့ကျင်းပခဲ့တုန်းက ခွင့်ပြုချက် မရဘဲ ဆိုင်းပုဒ်ကိုင်ဆောင်တယ်ဆိုပြီး ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့ မှူးက ငြိမ်းစုစီပုဒ်မ ၂၀ နဲ့ သြဂုတ်လ ၁၂ရက်မှာ တရားစွဲခဲ့ပါတယ်။
ဒီကနေ့ငါး ပတ်မြောက်ရုံးထုတ်မှာတော့ အာဏာပိုင်တွေကလက်ထိပ်ခတ်ဖို့ကြိုးစားခဲ့ပြီး နော်အုံးလှက လက်ထိပ်ခတ်ရင် ရုံးမထွက်ဘူးလို့ငြင်းပယ်ခဲ့လို့ အာဏာပိုင်တွေက လက်ထိပ်ခတ်မယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ တိုင်းရင်းသားတန်းတူအခွင့်အရေးရရှိရေး၊ စစ်မှန် တဲ့ငြိမ်းချမ်းရေးရရှိရေး စတာတွေကိုကြွေးကြော်ခဲ့သလို၊ ကရင်အမျိုးသားသိချင်းကိုလည်း သံပြိုင် သီဆိုကာ အမိန့်ချတဲ့နေရာကို ကရင်အမျိုးသားအစည်းအရုံးက ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်တဲ့ ပဒိုမန်း ငြိမ်းမောင်အပြင် ကရင်လူထုရာချီပြီး လာရောက်ဝန်းရံခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Maung Win
"ကရင်အမျိုးသားတဦးကို အခုလိုအရေးယူတာက ကရင်တမျိုးသားလုံးကို ဖိနှိပ်လိုက်တာပဲ၊ နော်အုံးလှတို့ဒီနေ့ လှုပ်ရှားမှုက ကရင်တမျိုးသားလုံးကို ကိုယ်စားပြုတယ်" လို့ ကရင်အမျိုးသား အစည်းအရုံး ကိုယ်စားပြုပြီးလာတယ်ဆိုတဲ့ ပဒိုမန်းငြိမ်းမောင်က ဘီဘီစီကိုပြောပါတယ်။
နော်အုံးလှကလည်း ကရင်အာဇာနည်နေ့အခမ်းအနားကို တရားဝင်တင်ပြကာ လုပ်ခဲ့ပေမယ့်လည်း အခုလို တရားစွဲအရေးယူတာက တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့သာ တိုက်ရိုက်ပက်သက်မှုတွေရှိတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂ ရက်မနက် ၁၀ နာရီလောက်ကစပြီး အမိန့်ချမယ့်တရားရုံးရှေ့ကို ရာချီတဲ့ ဝန်းရံသူတွေက ဆူးလေကနေစတင် ချီတက်လာခဲ့ တာဖြစ်ပါတယ်။ အမိန့်ချပြီးနောက်မှာလည်း ဝန်းရံသူတွေက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။








