ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗိုလ်ချုပ် အောင်ဆန်း နဲ့ ဒေါ်ခင်ကြည်တို့ ဝတ်ခဲ့တဲ့ ဝတ်စုံတွေ ပြန်မြင်ရတော့မယ်
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးမယ့် 'အောင်ဆန်း' ရုပ်ရှင် ဇာတ်ကားမှာ ဝတ်ဆင်မယ့် အဝတ်အစားတွေကို မြန်မာ ဒီဇိုင်နာ ၈ ဦးက ပူးပေါင်းဖန်တီးထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဘိုးဖြစ်သူ ဦးမင်းရောင် ခေတ်ကစပြီး ဗိုလ်ချုပ် ကျောင်းသားဘဝ၊ တပ်မတော်သားဘဝ၊ ဂျပန်သွားတဲ့ အချိန်ကာလ စတဲ့ ဗိုလ်ချုပ် ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်လျှောက်လုံးကို ဖော်ပြတဲ့ အဝတ်အစားတွေ အားလုံးကို အသွင်တူအောင် ဖန်တီး ကြရတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ် ရုပ်ရှင်မှာ အခန်းစဉ် ၁၁၇ ခန်း ရှိတဲ့ အထဲ စစ်တပ်နဲ့ ပတ်သက်တဲ့ အခန်းတွေ၊ အရပ်ဖက်နဲ့ ပတ်သက်တဲ့ အခန်းတွေနဲ့ ဗိုလ်ချုပ်ရဲ့ တစ်ကိုယ်ရေ ဘဝနဲ့ ပတ်သက်တဲ့ အခန်းတွေ အားလုံးအတွက် မြန်မာ ဒီဇိုင်နာတွေ တာဝန်ယူ ဖန်တီး ပေးကြရပါတယ်။
အထောက်အထားတွေ ဘယ်လိုရှာကြ
ဗိုလ်ချုပ်တို့ ခေတ်က ဝတ်ခဲ့တဲ့ အဝတ်အစားတွေနဲ့ ပတ်သက်လို့ ဓာတ်ပုံ အထောက်အထားတွေကို ယဉ်ကျေးမှု ဝန်ကြီးဌာနက ပံ့ပိုးပေးတာဖြစ်ပါတယ်။
အဲဒီ ဓာတ်ပုံ အထောက်အထား၊ စာပေ အထောက်အထားတွေကို အသေးစိတ် လေ့လာကြရတဲ့ အပြင် ဗိုလ်ချုပ်တို့ ခေတ်ကို သိရှိတဲ့ ကိုယ်နဲ့ နီးစပ်တဲ့ လူကြီးသူမတွေရဲ့ အိမ်တွေ သွားရောက် မှတ်တမ်း ဓာတ်ပုံတွေရယူတာမျိုးနဲ့ အင်တာနက်ပေါ်က တဆင့် လေ့လာ ရှာဖွေရတာတွေ အများကြီး လုပ်ရတယ်လို့ အဝတ်အစား ဒီဇိုင်နာ မမဉ္ဇူက ပြောပါတယ်။
ဝတ်စုံတွေကို အခုနှစ်ဆန်းက စတင် ချုပ်လုပ်နေကြတာ ဖြစ်ပြီး လောလောဆယ်တော့ ဇာတ်ဝင်ခန်း အတွက် အရေးကြီးတဲ့ ဝတ်စုံတွေ အသင့်ပြင်ထားပြီး ဖြစ်လို့ ဇာတ်ကားအတွက် လိုအပ်တဲ့ ဝတ်စုံတွေရဲ့ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ ဒီဇိုင်နာတွေက ပြောပါတယ်။
ဒီဇိုင်နာ ဘယ်သူတွေလဲ
Myanmar Fashion Designer Entrepreneur Association မြန်မာ ဖက်ရှင် ဒီဇိုင်နာ အသင်းဝင် ဒီဇိုင်နာ ၈ ယောက် က ရုပ်ရှင် အတွက် Costume Team ဖွဲ့ပြီး တာဝန်ယူထားပါတယ်။
ဇာတ်ဝင်ခန်းထဲက အရပ်ဖက် အဝတ်အစားတွေကို မမဉ္ဇူနဲ့ တခြား ဒီဇိုင်နာတွေ တိုင်ပင် ဖန်တီးပါတယ်။
အဝတ်အစားနဲ့ တွဲဖက်ဝတ်ရတဲ့ Accessories အဆင်တန်ဆာ တွေကိုတော့ မြန်မာနိုင်ငံမှာ လာရိုက်တဲ့ ဟောင်ကောင် ရုပ်ရှင် Line Walker 2 ရဲ့ ပြည်တွင်း ဇာတ်ဝင်ခန်း ဝတ်စုံတွေ ဖန်တီးပေးခဲ့သူ ဒီဇိုင်နာ မသွင်စုထွေးက တာဝန်ယူပါတယ်။
ကျန်တဲ့ ဒီဇိုင်နာတွေ ဖြစ်တဲ့ မလတ်၊ မိုးကုတ်ပေါက်ပေါက်၊ ပြည်စိုးအောင်၊ ယုံးယုံး၊ ဥမ္မာကျော်၊ မေသက်လွင်တို့ကလည်း အရပ်ဖက် စစ်ဖက် ဝတ်စုံတွေကို ပါဝင် ဖန်တီးပေးကြပါတယ်။
တပ်နဲ့ ဆိုင်တဲ့ ဝတ်စုံတွေကိုဖန်တီးရာမှာ စစ်သမိုင်း ပြတိုက်ကိုသွားပြီး ဝတ်စုံတွေကို သွားကြည့် ဓါတ်ပုံရိုက်၊ အချက်အလက် စုဆောင်းပြီး ဒီဇိုင်နာတွေက ချုပ်ကြပါတယ်။
အဲဒီနောက် သမိုင်းပညာရှင်တွေကိုပြသ အတည်ပြုချက်ယူပြီး သူတို့က မှန်ကန်တယ်ဆိုမှ ချုပ်လုပ်ကြရတယ်လို့ မမဉ္ဇူက ပြောပါတယ်။
တပ်မတော်နဲ့ ပတ်သက်တဲ့ အဝတ်အစားတွေမှာတော့ ချုပ်ပြီးသားတွေကို အတည်ပြုချက် ယူဖို့ စစ်သမိုင်းပြတိုက်ကို ပြန်ယူသွားပြီး ပြန်ပြ၊ ပြန်ပြင်လုပ်ကြရပါတယ်။ တပ်မတော်နဲ့ ဆိုင်တဲ့ ဝတ်စုံတွေကို ကာကွယ်ရေး ဝန်ကြီး ဌာနက နောက်ဆုံးမှာ အတည်ပြုပေးပါတယ်။
အခေါက်ခေါက် အခါခါအသွား အပြန် လုပ်ပြီး ပြင်ဆင်ရတာတွေ ရှိတယ်လို့ မမဉ္ဇူက ပြောပါတယ်။
သက်ဆိုင်ရာ ဒီဇိုင်နာတွေရဲ့ ကျွမ်းကျင်မှုတွေ အလိုက် တာဝန်ခွဲဝေ လုပ်ဆောင်ကြပေမဲ့ တစ်ဦးတစ်ယောက်တည်းက အဝတ်အစား တစ်မျိုးကို တာဝန်ယူ လုပ်ဆောင်တာ မျိုး မဟုတ်ဘဲ အချင်းချင်း ပံ့ပိုး တိုင်ပင် ဆောင်ရွက် ကြရတယ်လို့ သူက ပြောပါတယ်။
အခုလို ပါဝင်ဆောင်ရွက် ပေးဖို့ ဖြစ်လာတာကတော့ ၂၀၁၈ နှစ်ဆန်းတုန်းက ဒီဇိုင်နာ မမဉ္ဇူကို ရုပ်ရှင် ဒါရိုက်တာ ဦးလူမင်းကတဆင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဗိုလ်ချုပ် ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အဝတ်အစားတွေ ဖန်တီးပေးဖို့ ဆက်သွယ်လာပြီးတဲ့နောက် တာဝန်ယူ ဖန်တီးပေးဖို့ လက်ခံသဘောတူခဲ့တာလို့ မမဉ္ဇူက ဘီဘီစီကို ပြောပါတယ်။
မူလက ဒီဇိုင်နာ ၃ ယောက်ကပဲ ဦးလူမင်းနဲ့အတူ ဝန်ကြီးဌာန အစည်းအဝေးတွေ တက်ပြီး တိုင်ပင်ဆွေးနွေးပြီးနောက်မှာ တာဝန်ကြီးတဲ့ ရုပ်ရှင် ဇာတ်ကား ဖြစ်လို့ သုံးယောက်တည်း တာဝန်ယူဖို့ မဖြစ်နိုင်တဲ့ အတွက် ၈ ယောက် ပေါင်းပြီး ဖန်တီး လုပ်ဆောင်ဖို့ ယဉ်ကျေးမှု ဝန်ကြီးဌာနကို တင်ပြခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
မင်္ဂလာဆောင် သတို့သမီး ဝတ်စုံတွေ ချုပ်လုပ် ဖန်တီးလေ့ရှိတဲ့ ဒီဇိုင်နာ မမဉ္ဇူက ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည်တို့ရဲ့ မင်္ဂလာဆောင် တဲ့ ဇာတ်ဝင်ခန်းမှာ ဝတ်ဖို့ သတို့သမီးရဲ့ ချိတ်ထဘီနဲ့ ထိုင်မသိမ်း ဝတ်စုံကို ချုပ်လုပ်တဲ့ နေရာမှာ အသွင်တူအောင် အသေးစိတ် လေးတွေကအစ ဂရုတစိုက် လုပ်ဆောင်ရတယ်လို့ ဆိုပါတယ်။
လောလောဆယ်တော့ အဲဒီ အခန်းကို ရိုက်ကူးဖို့ မရှိသေးတဲ့ အတွက် ထိုင်မသိမ်း ဝတ်စုံကလွဲပြီး ဒေါ်ခင်ကြည် အဖြစ် သရုပ်ဆောင်မယ့်သူ ဝတ်မယ့် Accessories တွေကိုတော့ မဖန်တီးရသေးဘူးလို့ ဒီဇိုင်နာ မသွင်စုထွေးက ပြောပါတယ်။
ရုပ်ရှင်ထဲမှာ အရေးပါတဲ့ ဗိုလ်ချုပ်ရဲ့ ဂရိတ်ကုတ် ဆိုရင် ဗိုလ်ချုပ် ပြတိုက်မှာ ပြထားတဲ့၊ ဗိုလ်ချုပ်ကိုယ်တိုင်ဝတ်ဆင်ခဲ့တဲ့၊ အခု မှန်ဘောင်သွင်းထားတဲ့ ကုတ် အင်္ကျီကို သွားကြည့်ပြီး ဓါတ်ပုံရိုက်၊ သုံးထားတဲ့ အသား၊ တပ်ထားတဲ့ ကြယ်သီးက အစ မတူ တူအောင် ဖန်တီးရတယ်လို့ ဆိုပါတယ်။
ရေနံချောင်းက အထက်တန်းကျောင်းသားတွေဝတ်စုံက လုံချည် အနီရောင်ဖြစ်ပြီး အခုခေတ်မှာ မရှိတော့တဲ့ အတွက် ယဉ်ကျေးမှုက ရှာပေးတဲ့ နမူနာ အတိုင်း မွန်ပြည်နယ်မှာ အော်ဒါပေး အပ်ရတယ် လို့ ပြောပါတယ်။
ကုန်ကြမ်းပစ္စည်း ရှာရတဲ့နေရာမှာ ပြည်တွင်းမှာ မရနိုင်တာတွေကို ပြည်ပမှာ သွားရောက် ဝယ်ခြမ်းခဲ့ကြရာတွေလည်း ရှိခဲ့ပါတယ်။
ဒီလို ရုပ်ရှင်မျိုးမှာ တာဝန်ယူလုပ်ဆောင်ရတဲ့ ဒီဇိုင်နာတွေ အနေနဲ့ နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ သမိုင်း မှတ်တိုင်တစ်ခုမှာ အင်တိုက်အားတိုက် ပါဝင်ရတာကို ဂုဏ်ယူပေမဲ့ သူတို့ ကြိုးစားထားတဲ့ ဖန်တီးမှုတွေမှာ လိုအပ်ချက် အားနည်းချက်တွေ ရှိနေနိုင်သေးတဲ့ အတွက် တာဝန်ကြီးတယ်လို့ ယူဆနေကြပါတယ်။