ပြည်ခိုင်ဖြိုးပါတီဝင် စုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ် ဟုဆို

ဓာတ်ပုံ ရင်းမြစ်, USDP
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာ အမျိုးသမီးပါတီဝင်အင်အားဟာ ပါတီဝင်စုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်းထိရှိနေပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းပြည်နဲ့လွှတ်တော်တာဝန်ကို ထမ်းဆောင်နိုင်သူတွေဖြစ်ဖို့ လေ့ကျင့်ပေးနေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းရွေးရာမှာ ဒေသခံတွေ ကြိုက်တဲ့သူဖြစ်ဖို့နဲ့ တိုင်းပြည်နဲ့ လွှတ်တော်တာဝန် ထမ်းဆောင်နိုင်သူဖြစ်ဖို့ကိုလည်း ထည့်သွင်းစဉ်းစားတယ်လို့ သူက ဆိုပါတယ်။
အမျိုးသမီးနဲ့လူငယ်အင်အားထုဟာ တိုင်းပြည်နဲ့ပါတီအနာဂတ်အတွက် အရေးပါတာကြောင့် ဒီအုပ်စုကို အရည်အချင်းပြည့်ဝအောင်လေ့ကျင့်ပျိုးထောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးသာ အစိုးရတစ်ရပ် ဖွဲ့နိုင်လောက်အောင်နိုင်ခဲ့မယ်ဆိုရင် သက်ငယ်မုဒိမ်းတွေ၊ အမျိုးသမီးထု အကာအကွယ်မဲ့သလို ခံစားနေရတာတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ လိုအပ်တဲ့ဥပဒေတွေပြဌာန်းမယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။
ပြည်ခိုင်ဖြိုးပါတီရဲ့ ငါးကြိမ်မြောက်ဗဟိုကော်မတီအစည်းအဝေးကို စက်တင်ဘာ ၁၄ နဲ့ ၁၅ ရက် နှစ်ရက်ကြာ နေပြည်တော်မှာပြုလုပ်ခဲ့ပြီး အစည်းအဝေးအပြီးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
'အဓိကက အမျိုးသမီးတွေရဲ့အခွင့်အရေး၊ ရပိုင်ခွင့်၊ လိုအပ်ချက်၊ အမျိုးသမီးထုဘ၀ ကြီးပွား ဖွံ့ဖြိုးတိုးတက် ဖို့နဲ့ သူတို့ လုံခြုံရေး၊ ဒီပါတီရဲ့ဦးဆောင်မှုအပိုင်း၊ တိုင်းပြည်တာဝန်တွေကို ဦးဆောင်နိုင်မှုအပိုင်းမှာလည်း အမျိုးသမီးတွေပါဝင်နိုင်ဖို့ ပါတီက ဆောင်ရွက်နေ ပါတယ်' လို့ ဒေါက်တာနန္ဒာလှမြင့်က ဘီဘီစီကိုပြောပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေကြမ်းကို လွှတ်တော်၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အမျိုးသမီးရေးလှုပ်ရှားသူတွေက ဝိုင်းဝန်းဆွေးနွေးနေတာလည်း ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP
ဒါပေမဲ့ အစိုးရအဖွဲ့တွင်း အဆုံးအဖြတ်ပေးနိုင်တဲ့နေရာမှာ အမျိုးသမီးတွေပါဝင်ဖို့ကတော့ သူတို့ရဲ့ အရည်အချင်းတိုးတက်ဖို့နဲ့ ထိုက်တန်တဲ့နေရာဖြစ်လို့ လိုအပ်နေသေးတယ်လို့ သူက ဆိုပါတယ်။
လတ်တလောမှာ ဒီချုပ်၊ ပြည်ခိုင်ဖြိုး၊ သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ၈၈ ကျောင်းသားမျိုးဆက်ခေါင်းဆောင်ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီတို့မှာ အမျိုးသမီးပါတီဝင်အချို့ရဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာပျံ့နှံ့လာပြီးနောက် ပါတီဝင်အမျိုးသမီးတွေနဲ့ပတ်သက်လို့ ဆိုရှယ်မီဒီယာသုံးစွဲသူတွေကြားဆွေးနွေးစရာဖြစ်လာနေပါတယ်။
လက်ရှိမှာ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း ဗဟိုအမျိုးသမီးကော်မတီကို ၂၀၁၈ နှောင်းပိုင်းမှာ ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးညီလာခံတွေကျင်းပထားသလို သက်ငယ်မုဒိမ်း၊ စစ်ရှောင်အရေးအပါအဝင် အမျိုးသမီးအရေးတွေ ဆောင်ရွက်နေပါတယ်။ ဒီအဖွဲ့ကို ဒီချုပ်ရဲ့ဗဟိုကော်မတီဝင် ဒေါက်တာမေဝင်းမြင့်က ဦးဆောင်ပါတယ်။
ပြီးခဲ့တဲ့သမ္မတဦးသိန်းစိန်လက်ထက် အစိုးရအဖွဲ့အတွင်းမှာ အမျိုးသမီးဝန်ကြီး၊ ဒုဝန်ကြီးတွေ ပါဝင်ခဲ့ပေမယ့် ဒီချုပ် အစိုးရအဖွဲ့ထဲမှာတော့ အမျိုးသမီးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းရှိတာနဲ့ပတ်သက်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်မေဝင်းမြင့်က ဒီချုပ်အစိုးရလက်ထက်မှာ အမျိုးသမီးဝန်ကြီးချုပ်တွေပိုခန့်နိုင်လာပြီး အမျိုးသမီးအုပ်ချုပ်ရေးမှူး ၁၀၄ ဦးထိ ရှိလာသလို အမျိုးသမီးသံအမတ်ကြီးတွေလည်း ငါးဦးထိ ခန့်အပ်နိုင်ခဲ့တယ်လို့ တုံ့ပြန်ထားပါတယ်။








