ရွေးကောက်ပွဲမှာ ပီအာစနစ်သုံးဖို့ ပြည်ခိုင်ဖြိုး ပြော

ဓာတ်ပုံ ရင်းမြစ်, usdp
မြန်မာနိုင်ငံရွေးကောက်ပွဲတွေမှာအသုံးပြုနေတဲ့ နိုင်သူအကုန်ယူစနစ်အစား ၊ ပီအာခေါ် မဲအချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံး သင့်တယ်လို့ ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးသန်းဌေးက ပြောလိုက်ပါတယ်။
စက်တင်ဘာလ၁၄ ရက်နေ့ နေပြည်တော် က ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှာ ကျင်းပတဲ့ ပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေး အဖွင့် မိန့်ခွန်း မှာ ပြောခဲ့တာဖြစ်ပါတယ်။
ဒီမိုကရေစီဆိုတဲ့သဘောက အများစုရဲ့ဆန္ဒကို အနည်းစုက လိုက်နာခြင်း၊ အနည်းစုရဲ့ သဘောထားကို အများစုက လေးစားခြင်းဖြစ်ပေမယ့် လက်တွေ့မှာတော့နိုင်သူအကုန်ယူစနစ်ကြောင့် မဲတစ်မဲအသာနဲ့ အဆုံးအဖြတ်အားလုံးကို အသားစီးယူဆုံးဖြတ်တတ်တဲ့ အလေ့အထဖြစ်ထွန်းလာတယ် လို့ ဦးသန်းဌေးကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်ခင်က အချိုးကျ ကိုယ်စားပြု စနစ်ကို အသုံးပြု နိုင်အောင် လွှတ်တော်မှာ ကြိုးပမ်းမှုတွေရှိခဲ့ပါတယ်။အဲဒီ အချိုး ကျ ကိုယ်စားပြု စနစ်ကို ထောက်ခံတဲ့ပါတီတွေထဲမှာ ပြည်ခိုင်ဖြိုး လည်းပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP
အာဏာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိုယ်စားပြုမှုနဲ့အတူ လွှတ်တော်ထဲမှာ ပြောရေးဆိုခွင့် မျှတမှုကို ပေးရမှာဖြစ်တယ်လို့လည်း ဦးသန်းဌေးကပြောပါတယ်။
ဘာသာရေး၊လူမျိုးရေး၊နိုင်ငံရေး၊စတဲ့အကြောင်းအရာမျိုးစုံမှာ အဲလိုပြောဆိုခွင့်တွေ ဆုံးရှုံးလို့ လက်နက်စွဲကိုင် တော်လှန်မှုတွေ ဖြစ်လာရတာ လို့လည်းသူကပြောပါတယ်၊ဒါဟာလည်း ပြည်ခိုင်ဖြိုးပါတီရဲ့ အခြေခံဥပဒေပြင်ဆင်ရေး နဲ့ပတ်သက်တဲ့ သဘောထားဖြစ်တယ်လို့လည်းသူကရှင်းပြပါတယ်။
အချိုးကျ ကိုယ်စားပြု ပီအာ စနစ်ဆိုတာကတော့ မဲဆန္ဒနယ်တစ်ခုမှာ မဲအများဆုံးရတဲ့သူက အနိုင်ရတဲ့ ပုံစံမဟုတ် ဘဲ ထောက်ခံမဲ အချိုးကျ ရတဲ့အပေါ်မူတည်ပြီး ပါတီတွေက လွှတ်တော်မှာ ကိုယ်စားလှယ်အချိုး ကျ ရရှိ တဲ့ ပုံစံလည်းဖြစ်ပါတယ်။
အဲဒီတုန်းကလက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသားပါတီအချို့ က တော့ အချိုးကျ ကိုယ်စားပြု ပီအာ စနစ်ကို ကန့်ကွက် ခဲ့ကြပါတယ်။
အစည်းအဝေးကိုတော့ ပြည်ခိုင်ဖြိုးပါတီဝင် ဝန်ကြီးဟောင်းတွေ၊ ပါတီဗဟိုအလုပ်အမှုဆောင်တွေနဲ့ ဗဟိုကော်မတီဝင်တွေတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေပြည်တော်မှာ နှစ်ရက်ကြာပြုလုပ်မှာဖြစ်ပါတယ်။
ဦးသန်းဌေးဦးဆောင်နေတဲ့ လက်ရှိပြည်ခိုင်ဖြိုးပါတီမှာတော့ ဗဟိုကော်မတီဝင် ၃၅၀ကျော်အထိရှိပြီးတော့သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ဦးစိုးသိမ်း၊ ဦးဌေးဦးတို့ အပါအဝင် ဝန်ကြီး၉ဦးနဲ့ ဖွဲ့ခဲ့တဲ့ ပါတီအတိုင်ပင်ခံ အဖွဲ့ကို ၂၀၁၆နှစ်ကုန်ပိုင်းလောက်ကတည်းက ဖျက်သိမ်းပြီး အဆိုပါပုဂ္ဂိုလ်တွေက ပါတီဝင်တွေအနေနဲ့သာ ရပ်တည်နေတာလို့ ဒေါက်တာ နန္ဒာလှမြင့်က ဘီဘီစီကိုပြောပါတယ်။








