NLDပါတီနဲ့ ပြည်သူ့ပါတီ ဦးဆောင်သူ တချို့ ပထမဆုံးအကြိမ်တွေ့

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD/AFP/Getty Images
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ခေါင်းဆောင်ပိုင်းတချို့နဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက ဦးဆောင်သူတချို့ဟာ ပထမဆုံးအကြိမ်အနေနဲ့ ဒီကနေ့ ဇွန် ၁၇ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ NLD ပါတီရုံးချုပ်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲမှာ NLD ပါတီဘက်က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးသိန်းဦး၊ ဒေါက်တာမျိုးညွန့်တို့ ပါဝင်ပြီး ပြည်သူ့ပါတီဘက်ကတော့ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုကြီး၊ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျ၊ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်၊ တွဲဖက်အထွေထွေ အတွင်း ရေးမှူး(၁) ဦးကျော်ကျော်ထွေး(ကိုမာကီ)နဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးကျော်ကျော်စိုးတို့ ပါဝင် ခဲ့တယ်လို့ သိရပါတယ်။
'' ဒီမိုကရေစီကို ယုံကြည်တဲ့ ပါတီတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ပါတီ နှစ်ခုစလုံးမှာ မူဝါဒရှိပါတယ်။ ဒါကြောင့် သူတို့ဘက်က တွေ့ဆုံလိုတယ်လို့ အကြောင်းကြားလာတဲ့အတွက် ပဏာမ အနေနဲ့ မိတ်ဆက် တွေ့ဆုံတာ ပဲဖြစ်တယ်'' လို့ ဒီတွေ့ဆုံမှုအပေါ် NLD ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
NLD ပါတီဘက်က လက်ခံတွေ့ဆုံရုံသာဖြစ်ပြီး တစ်စုံတစ်ရာအပေါ် အခြေပြုပြီး ညှိနှိုင်းဆွေးနွေးတာ သဘောတူတာမျိုးမရှိခဲ့ဘူးလို့ ပြောဆိုထားပေမယ့် ပြည်သူ့ပါတီဘက်ကတွေ့ဆုံမှုအပေါ် ထုတ်ပြန်ချက်မှာတော့ ပြည်သူ့ ပါတီဖွဲ့စည်းရေးဆိုင်ရာ အခြေအနေတွေအပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အတွက် NLDပါတီရဲ့ လွှတ်တော်တွင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
NLD ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရအပြီးနောက် တိုင်းရင်းသားပါတီတွေ အပါအဝင် အခြား ပါတီတွေနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်တာတွေ့ဆုံညှိနှိုင်းတာမျိုးတွေမရှိ သလောက်နည်းပါးခဲ့ပါတယ်။
အထွေထွေရွေးကောက်ပွဲကို ၂၀၂၀နှစ် အတွက် လက်ရှိ အာဏာ ရပါတီဖြစ်တဲ့ NLD ပါတီအနေနဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကို မိတ်ဖက်ပါတီအနေနဲ့ ပထမဆုံး အကြိမ်တရားဝင် တွေ့ဆုံလာခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, People party'Facebook
'' NLD အနေနဲ့ကတော့ တခြားပါတီတွေနဲ့ တွေ့ဆုံတာ ပူးပေါင်းတာမျိုးကတော့မရှိသလောက်ပဲ။ အခုလို တွေ့တယ်ဆိုတာတော့ နိုင်ငံရေးအရ မိတ်ဖက်ဖွဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ရွေးကောက်ပွဲအတွက်ကတော့ မိတ်ဖက်ဖွဲ့ပြီဆိုရင် အမတ်နေရာ ခွဲဝေတာတွေ ဘာတွေ ဖြစ်လာမှာဆိုတော့ လောလောဆယ်မှာ အဲဒီအခြေအနေထိ ရှိမယ်လို့ မထင်သေးဘူး။ စောင့်တော့ကြည့်ရဦးမှာပေါ့''လို့ ပါတီ ၂ခုတွေ့ဆုံမှုအပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်စိုးက သုံးသပ်ပြောဆိုပါတယ်။
အခုတွေ့ဆုံမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့အရေး သဘောတူခဲ့တာတွေ မရှိသေးဘူး ဆိုပေမယ့် နောက်ထပ် တွေ့ဆုံမှုတွေ ရှိလာဦးမှာ ဖြစ်သလို ပူးပေါင်းဆောင်ရွက်ဖို့ ရှိလာရင်လည်း ပေါ်ပေါက်လာတဲ့ အကြောင်းအရာ တစ်ခုချင်းအလိုက်ကို အသေးစိတ် ဆွေးနွေးညှိနှိုင်းတာတွေကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဒေါက်တာမျိုးညွန့်ကပြောပြပါတယ်။
'' ကျွန်တော်တို့ဘက်ကတော့ ဒီမိုကရေစီကို လိုလားတဲ့ ဘယ်ပါတီကိုမဆို တွေ့ဆုံဖို့ ကမ်းလှမ်းလာရင် လက်ခံတွေ့ဆုံသွားမှာပါ။ ဒီမိုကရေစီကို ယုံကြည်တဲ့ ပါတီအားလုံးကိုလည်းမိတ်ဖက်ပါတီ အဖြစ် သတ်မှတ် ပါတယ်'' လို့လည်း ပါတီရဲ့ မူဝါဒအပေါ်ဒေါက်တာမျိုးညွန့် ကပြောပါတယ်။
အဆိုပါ မူဝါဒကြောင့်လည်း NLD ပါတီအနေနဲ့ ပြည်သူ့ပါတီနဲ့ မတွေ့ဆုံခင် တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ကချင်ဒီမိုကရက်တစ်ပါတီ နဲ့လည်းတွေ့ဆုံခဲ့သေးတယ်လို့လည်း သိရပါတယ်။
'' ဘာပဲဖြစ်ဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ NLDပါတီအနေနဲ့ မိတ်ဖက်တွေရှာရမယ်ဆိုတာကတော့ အရှိ တရားပဲ။'' လို့ ဦးမောင်မောင်စိုးက သုံးသပ်ပြောဆိုပါတယ်။








