လားရှိုး-မူဆယ်လမ်း ပြန်ပွင့်၊ ကွတ်ခိုင် အပေါ်ဘက် ဂရုစိုက်ဖို့ လိုသေးတယ်လို့ တပ်မတော်ဆို

လားရှိုးမြို့ဝန်းကျင်မှာ သြဂုတ်လ ၂၅ ရက်က ပျံဝဲနေတဲ့ လေတပ် Mi-35 ရဟတ်ယာဉ်

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, လားရှိုးမြို့ဝန်းကျင်မှာ သြဂုတ်လ ၂၅ ရက်က ပျံဝဲနေတဲ့ လေတပ် Mi-35 ရဟတ်ယာဉ်

တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ ရှမ်းမြောက်ဒေသတချို့ တိုက်ခိုက်ခံရပြီး တိုက်ပွဲတွေ ဖြစ်နေလို့ မန္တလေး-မူဆယ်လမ်းက ရှမ်းမြောက်လမ်းပိုင်းတွေ ပိတ်ဆို့နေရာကနေ သြဂုတ်လ ၂၆ ရက် ညနေပိုင်းမှာ လားရှိုး-မူဆယ် လမ်းပိုင်း ပြန်ပွင့်သွားပြီလို့ တပ်မတော်က ပြောပါတယ်။

"ဒီနေ့ ည နေ ၃ နာရီမှာ လားရှိုး-မူဆယ် လမ်းကြောင်း ပွင့်သွားပါပြီ။ မူဆယ်ဘက်ကို ကျွန်တော်တို့ဆီက လုံခြုံရေး အဖွဲ့တွေလည်း ရောက်ရှိသွားပြီ" လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"မူဆယ်ကနေ လားရှိုးကို ပြန်ဆင်းလာတဲ့ကား အစီး ၄၀၀ လောက်ရှိတယ်။ ပြန်တက်သွားတဲ့ကားက အစီး ၁၀၀ လောက်ရှိပါတယ်" လို့ သူက ဆက်ပြောပါတယ်။

သြဂုတ်လ ၁၅ ရက်တိုက်ခိုက်မှုတွေနောက်ပိုင်း တပ်မတော်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ ဖြစ်တဲ့ AA ရခိုင့်တပ်မတော်၊ TNLA တအာင်း၊ပလောင်တပ်၊ MNDAA ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲတွေ ၁၀ ရက်ကျော် ရှမ်းမြောက် ပြည်ထောင်စု လမ်းပိုင်းမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာ ကုန်စည် ပို့ဆောင်ရေး လမ်းပိုင်းတွေ ပိတ်နေလို့ ကုန်ပစ္စည်းတွေ သောင်တင်နေသလို ဒေသခံတွေလည်း အနီးအနားမြို့တွေနဲ့ ဘုန်းကြီးကျောင်းတွေကို စစ်ရှောင်ရောက်ရှိနေတာ ဖြစ်ပါတယ်။

သြဂုတ် ၂၅ ရက်မှာ ကွတ်ခိုင်မြိုအနီး ပြည်ထောင်စုလမ်းက သွားလာနေတဲ့ စစ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ကွတ်ခိုင်မြိုအနီး ပြည်ထောင်စုလမ်းမှာ သြဂုတ် ၂၅ ရက်က သွားလာနေတဲ့ စစ်သားတွေ

"အရင်နေ့ကထိတော့ မူဆယ်နဲ့နမ့်ဖတ်ကာကြားမှာ သွားလို့မရသေးဘူး။ ဒီနေ့မနက်ထိ ရှင်းလင်းနေရတုန်း။ ဒီနေ့ညနေ ၃ နာရီမှာ ကျွန်တော်တို့ လုံခြုံရေး အဖွဲ့တွေ အားလုံး ရှင်းလင်းပြီးပါပြီ" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လမ်းပိုင်း ပြန်ပွင့်သွားတဲ့ အခြေအနေကို ပြောပါတယ်။

"လားရှိုးကနေ ကွတ်ခိုင် အထိကတော့ လုံလုံခြုံခြုံ သွားလာနိုင်ပြီလို့ ပြောလို့ရတယ်။ ကွတ်ခိုင်နဲ့ လားရှိုးကြားကတော့ နည်းနည်း ဂရုစိုက်ရမယ်" လို့ဆိုပါတယ်။

သြဂုတ်လ ၂၆ ရက် တိုက်ပွဲတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးလည်း "အကျဆုံးအခြေအနေတော့ မပြောနိုင်ဘူး။ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ ရှိတယ်" လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်က အခု တိုက်ပွဲတွေမှာ အရပ်သားနဲ့ ပြည့်သူ့စစ် အသွင်ယူပြီး အရပ်သားကားနဲ့ သွားလာတာတွေ၊ လက်နက် သယ်ဆောင်တာတွေလုပ်နေတယ်လို့ သြဂုတ်လ ၂၅ ရက်မှာ ညီနောင် မဟာမိတ် သုံးဖွဲ့က ကြေညာချက်ထုတ်ခဲ့ပြီး တပ်မတော်ဘက်ကတော့ အဲဒီလို လုပ်ဆောင်တာမျိုးမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ကွတ်ခိုင်မြို့အနီး ပြည်ထောင်စုလမ်းမှာ သြဂုတ်လ ၂၅ ရက်က သွားလာနေတဲ့ အရေးပေါ် လူနာတင်ယာဉ်

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ကွတ်ခိုင်မြို့အနီး ပြည်ထောင်စုလမ်းမှာ သြဂုတ်လ ၂၅ ရက်က သွားလာနေတဲ့ အရေးပေါ် လူနာတင်ယာဉ်

ဒါ့အပြင် "အခုချိန်ထိ သူတို့ရဲ့စခန်းတွေ၊ သူတို့ရဲ့နေရာတွေကိုသွားပြီး လုပ်တာ မရှိသေးဘူး။ ပြည်ထောင်စုလမ်းမကြီးမှာ သူတို့ လိုက်လံ နှောင့်ယှက်နေတာပဲ ရှိသေးတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီကနေ့ သြဂုတ်လ ၂၆ ညနေပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

အခု လမ်းပိုင်းတချို့ ပြန်ပွင့်သွားပြီး ခရီးသွားတွေ လုံလုံခြုံခြုံ သွားလာနိုင်တဲ့ လမ်းပိုင်းနဲ့ ဂရုစိုက်ရဦးမယ့် အပိုင်းတွေကို တပ်မတော်ဘက်က ပြောပြပေမယ့် အခု လက်ရှိ ရှမ်းမြောက်တိုက်ပွဲတွေ ရပ်တန့်နိုင်ရေး တပ်မတော်နဲ့ ညီနောင်သုံးဖွဲ့ကြား တိုက်ရိုက် ဆွေးနွေး မညှိနှိုင်းနိုင်သေးတဲ့ အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နိုင်သေးတယ်လို့ TNLA က ပြောခွင့်ရ မိုင်အိုက်ကျော်က ပြောထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာဝန်းကျင်ကဒေသခံတွေ အနေနဲ့ တပ်မတော်ရဲ့ လက်နက်ကြီးဒဏ်က ကင်းဖို့ လုံခြုံရေးအတွက် ဗုံးခိုကျင်းတူးဖို့ နဲ့ မလွှဲမရှောင်သာ ခရီးသွားရမယ်ဆိုရင် ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆေးမေးမြန်းတာတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတာကိုလည်း သြဂုတ်လ ၂၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသခံတွေကတော့ လားရှိုးနဲ့မူဆယ်မြို့ပေါ်မှာ အခြေအနေတည်ငြိမ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာမြို့တဝိုက်မှာတော့ ကြိုကြားကြိုကြားတိုက်ပွဲဖြစ်တတ်တဲ့အတွက် လုံးဝလုံခြုံစိတ်ချရတဲ့အနေအထားမှာတော့မရှိသေးဘူးလို့ ပြောပါတယ်။