ဘင်္ဂလားဒေ့ရှ်နယ်စပ်က ကင်းစခန်းအတိုက်ခံရ၊ စစ်သည်၂ ဦးကျဆုံး

တိုက်ခိုက်တဲ့ အဖွဲ့ကိုတော့ စိစစ်ဆဲဖြစ်တယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, တိုက်ခိုက်တဲ့ အဖွဲ့ကိုတော့ စိစစ်ဆဲဖြစ်တယ်လို့ဆို

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က နယ်ခြားစောင့် ကင်းစခန်းတစ်ခုကို ဇူလိုင် ၆ ရက် မနက် ၆ နာရီလောက်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်လို့ တပ်မတော်က စစ်သည် ၂ ဦးကျဆုံးပြီး ရဲတပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာရခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် တပ်မတော်ဘက်က ဒဏ်ရာရသူတချို့လည်း ရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

"မနေ့ (ဇူလိုင်လ ၆ ရက်)က မနက် ၆ နာရီလောက်က တောင်ပြိုလက်ဝဲဘက်မှာ ဖြစ်တာ ရှိခဲ့တယ်။ တောင်ပြိုလက်ဝဲဘက်မှာ နယ်ခြားစောင့် ရဲစခန်း နေရာရယ်၊ တပ်က ပူးပေါင်းလုံခြုံရေး ဆောင်ရွက်နေတဲ့ နေရာ၊ နှစ်နေရာပေါ့။ တစ်ဘက်နိုင်ငံ ဘက်အခြမ်းကပေါ့ ခြံစည်းရိုးအပြင်က လာပစ်ခတ်တာရှိတယ်" လို့ သူက ပြောပါတယ်။

လာတိုက်တဲ့အဖွဲ့မှာ အင်အား ၄ဝ ကနေ ၅၀ ကျော်လောက်ရှိတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, လာတိုက်တဲ့အဖွဲ့မှာ အင်အား ၄ဝ ကနေ ၅၀ ကျော်လောက်ရှိတယ်လို့ဆို

အဲဒီ တိုက်ခိုက်ခံရတဲ့ နေရာဟာ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုလက်ဝဲ နယ်စပ်မှတ်တိုင် ၄၀ အနီးမှာရှိတဲ့ နယ်ခြားစောင့်စခန်းနဲ့ တပ်ကပူးပေါင်း လုံခြုံရေး ဆောင်ရွက်နေတဲ့ နေရာတွေ ဖြစ်ပါတယ်။ အဲဒီဒေသဟာ ARSA အာဆာအဖွဲ့ လှုပ်ရှားတဲ့ နယ်မြေဖြစ်တယ်လို့ သူက ပြောပါတယ်။

တိုက်ခိုက်တဲ့ အဖွဲ့ကိုတော့ စိစစ်ဆဲ ဖြစ်လို့ အေအေ ရက္ခိုင့်တပ်မတော်လား၊ ARSA အာဆာလားဆိုတာ မသိရသေးဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

လာတိုက်တဲ့ အဖွဲ့မှာ အင်အား ၄၀က ၅၀ ကျော်လောက်ရှိပြီး ပစ်ခတ်ပြီးတဲ့နောက် တစ်ဘက်နိုင်ငံထဲကို ပြန်ဆုတ်သွားတယ်လို့ သူက ပြောပါတယ်။

ရက္ခိုင့်တပ်မတော်ဘက်က ပြောခွင့်ရသူ ခိုင်သုခကတော့ "အခုက ရာသီဥတုအခြအနေကလည်း ဆိုးနေတဲ့ အခါကျတော့ မြေပြင်သတင်းကို အတိအကျမရသေးဘူး။ လောလောဆယ်တော့ အတည်ပြုချက်ပေးလို့ မရသေးဘူး"လို့ ဆိုပါတယ်။