အေအေ ဖမ်းထားတဲ့ ပလက်ဝက ရွာသား ၁၂ ဦး ထွက်ပြေး လွတ်မြောက်

ဓာတ်ပုံ ရင်းမြစ်, Kyaw Aung
ရက္ခိုင့်တပ်မတော် အေအေက ဖေဖော်ဝါရီလတုန်းက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပလက်ဝမြို့နယ် ကင်းတလင်းရွာက ရွာသား ၁၂ ယောက် ဒုတိယ အသုတ် ထွက်ပြေးလွတ်မြောက်လာပါတယ်။
အေအေ အစောင့်တပ်သားတွေ မရှိချိန် မိုးရွာထဲမှာ ထွက်ပြေးလာခဲ့လို့ လွတ်မြောက်လာခဲ့တာလို့ အဲလို လွတ်မြောက်လာတဲ့ အမျိုးသမီးက ဆိုပါတယ်။
"လမ်းမှာ သုံးရက်အိပ်ပါတယ်။ ရွာကို တနင်္လာနေ့ရောက်ပါတယ်။ မိုးရွာတဲ့အထဲမှာ ထွက်ပြေးတာ။ ည ၈ နာရီ အချိန်မှာ ထွက်ပြေးတာ။ မိုးရွာတယ်ဆို အေအေ အကုန်လုံးအိပ်သွားတယ်။ သူတို့မရှိတဲ့ အချိန် ကျွန်မတို့ ထွက်ပြေးတာပါ" လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ဒေါ်ဟွေ့သန်းက ဘီဘီစီကို ပြောပါတယ်။
အခုလွတ်မြောက်လာသူတွေဟာ အမျိုးသား ၃ယောက်၊ အမျိုးသမီး ၃ ယောက်နဲ့ ကလေး ၆ ယောက် ဖြစ်တယ်လို့ ဒေါ်ဟွေ့သန်းက ပြောပါတယ်။
အဲဒီအမျိုးသမီးရဲ့ မိခင် ၆၄ နှစ်အရွယ် အမျိုးသမီးကတော့ နေမကောင်းဖြစ်ပြီး အေအေစခန်းမှာပဲ သေဆုံးသွားတယ်လို့ သူက ဆိုပါတယ်။ ဆေးကုသပေးတာရှိပေမဲ့လည်း သေဆုံးခဲ့တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
ထွက်ပြေးလာတဲ့ လမ်းမှာ အစားအစာ မစားခဲ့ရဘဲ အန္တရာယ်ကို ကြောက်ပေမဲ့ ထွက်ပြေးလာခဲ့တာလို့ သူကဆိုပါတယ်။
အေအေစခန်းမှာနေတုန်းက အဲဒီရွာသားတွေ တောင်ယာလုပ်ကိုင်ရပြီး မလုပ်နိုင်တော့လို့ ထွက်ပြေးလာခဲ့တာ ဖြစ်တယ်လို့ ဒေါ်ဟွေ့သန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kyaw Aung
သူတို့ထွက်ပြေးလာတုန်းက စခန်းမှာ ကျန်ခဲ့တဲ့သူတွေကို အတူခေါ်ချင်ပေမဲ့ အနီးအနားမှာ မရှိလို့ ခေါ်လို့ မရနိုင်ခဲ့ဘူးလို့လည်း သူကပြောပါတယ်။
အခု ဖမ်းဆီး ခေါ်ဆောင်သွားသူတွေကို ဖေဖော်ဝါရီ ၂ ရက် ည ၇ နာရီလောက်မှာ ရက္ခိုင့် တပ်မတော် အေအေက ကင်းတလင်းရွာကိုဝင်လာပြီး မြန်မာ့တပ်မတော်က ရွာကို ဗုံးချမယ် ဆိုပြီး တရွာလုံးကို လာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ပြန်လွတ်မြောက်လာသူတွေက ပြောပါတယ်။
အခုလို လွတ်မြောက်လာသူတွေဟာ စုစုပေါင်း ခေါ်ဆောင်သွားခံရသူ ၅၄ ယောက် အနက်က ၁၂ ယောက် ဖြစ်ပြီး၊ ပထမအကြိမ်တုန်းက မုဆိုးလုပ်သူ အမျိုးသားနှစ်ယောက် ဧပြီလမှာ လွတ်မြောက်လာပြီး ဖြစ်ပါတယ်။ အဲဒီထဲက တစ်ယောက်ဟာ စိတ်အခြေအနေပုံမှန်မရှိဘဲ စခန်းမှာ ကျန်ခဲ့တဲ့မိသားစုအတွက် စိတ်သောက ရောက်နေတယ်လို့ ခူမီးချင်းမျိုးနွယ်စု ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ဦးကျော်ငြိမ်းက အဲဒီနှစ်ယောက် လွတ်မြောက်လာတုန်းက ဘီဘီစီကို ပြောထားပါတယ်။
အခုလို ၁၂ ဦး လွတ်မြောက်လာလို့ အေအေက စခန်းချထားပေးတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေရာမှာ ၃၉ ယောက် ကျန်နေပါသေးတယ်။








