ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ဦးမှာ ရွာသား ၂၅ ဦးကို တပ်မတော် ဖမ်းဆီး
မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်ကျေးရွာ နားမှာ ဇွန်လ ၁၃ ရက်နေ့ နံနက်ကနေ နေ့လယ်ပိုင်းထိ တပ်မတော်နဲ့ အေအေ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကြက်စင်၊ ကြာကန်၊ ဆင်အိုး၊ ရန်အောင်ပြင် စတဲ့ ကျေးရွာတွေက လူ ၂၅ ဦးကို စစ်တပ်ကနေ ဖမ်းဆီးသွားတယ်လို့ ကျောက်ဆည်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဖမ်းဆီးပြီး ၁၄ ရက်နေ့မှာ ကျောက်တော်မြို့ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
အဲဒီလို ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး "မနေ့က ကျွန်တော်တို့ ညနေပိုင်းလောက်မှာ ဖမ်းမိတာပါ။ ရွာသားတွေက ကျောက်ဆည်ပြင်ရွာက မဟုတ်ဘူး။ မသင်္ကာလို့ ဖမ်းဆီးထားတာဖြစ်တယ်။ ပဏာမ စစ်ကြောချက်အရတော့ အေအေ အဖွဲ့ဝင်တွေ ဖြစ်ဖို့များတယ်။ သို့သော်လည်း တစ်ဘက်သတ်တော့ စွပ်စွဲလို့မရသေးဘူး။ စစ်ဆေးပြီး တရားရုံးရောက်မှ သိရမယ်။ ခုတော့ ကျောက်တော်ရဲစခန်းကို ပို့ဆောင်နေတယ်" လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဇွန်လ ၁၄ ရက်မှာလည်း မြောက်ဦးမြို့နယ်က အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ပြိုင်ချရွာနားမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ အတွက် ရွာသားတွေဟာ နီးစပ်ရာ ရွာတွေကို ထွက်ပြေးကြပြီး တိန်ညို ကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင် စခန်းကို လူပေါင်း ၁၀၀ ကျော်ရောက်ရှိခဲ့တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ ထွက်ပြေးလာပြီး တိန်ညို စစ်ဘေးရှောင် စခန်းကို ရောက်နေတဲ့ ရွာသားတစ်ဦးက - နံနက် ၈ နာရီခန့်မှာ လက်နက်ကြီး ၃ လေး လုံး ရွာအနီးမှာ ကျရောက် ပေါက်ကွဲခဲ့တဲ့ အတွက် ထွက်ပြေးလာတာ ဖြစ်ကြောင်းနဲ့ မြန်မာတပ်မတော်ကနေ လင်းမြွေတောင်ဘက်က လှမ်းပြီး ပစ်ရာမှာ ရွာအနီးကို ကျရောက် ပေါက်ကွဲတာ ဖြစ်တယ်လို့ပြောပါတယ်။
ရွာသား တစ်ရာခန့်ဟာလည်း တိမ်ညို စစ်ဘေးရှောင် စခန်းကို ထွက်ပြေးလာကြတယ်လို့ သူက ဆက်ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်သူ လေးသောင်းကျော်ရှိနေပြီ ဖြစ်ပါတယ်။စစ်ဘေးရှောင်သူတွေဟာ မိုးရာသီ အချိန်ကာလမှာ နေထိုင်ရေး အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။