တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကြား စုဖွဲ့မှုအသစ်တစ်ခုဖွဲ့ဖို့ KNU အဆိုပြု

ဓာတ်ပုံ ရင်းမြစ်, NCA-S EAO
NCA အကောင်အထည်ဖော်မှု ပိုမိုအားကောင်းစေဖို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက် အကောင်အထည် ဖော်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းကြား စုဖွဲ့မှုအသစ်တစ်ခုကို ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ အဆိုပြုတင်သွင်း ခဲ့တယ်လို့ သတင်းထုတ်ပြန် ပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ (NCA ) လက်မှတ်ထိုးပြီးဖြစ်တဲ့ အဖွဲ့ ၁၀ ဖွဲ့ သာမက လက်မှတ်မထိုးရသေးတဲ့ ကျန်အဖွဲ့များ အားလုံး ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး - Peace Process Consulative Meeting (PPCM) ဖွဲ့စည်းဖို့ အဆိုပြုခဲ့တာလို့ KNU ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။
စတုတ္ထအကြိမ်မြောက် PPST ထိပ်သီးခေါင်းဆောင်တွေရဲ့ညီလာခံ အစည်းအဝေး အပြီးမှာ အလုပ်အဖွဲ့ ၂ ဖွဲ့ ကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ သူက ဆိုပါတယ်။
KNU အဖွဲ့က အဆိုပြုတဲ့ Peace Process Consulative Meeting (PPCM) ဖွဲ့စည်းနိုင်ဖို့ အကြံပြူချက်တွေ ရရှိဖို့နဲ့ ကြားကာလမှာ စုဖွဲ့မှု ပုံစံသစ် ဖြစ်လာဖို့ ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းတိုင်ပင်နိုင်ဖို့ ဖွဲ့ခဲ့တဲ့ အလုပ်အဖွဲ့နဲ့ ၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀ အလွန် ကာလတွေမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဘယ်လို ရှေ့ဆက်သွားသင့်လဲ ဆိုတဲ့ တိုင်းရင်းသားအဖွဲ့ ၁၀ ဖွဲ့ အကြား ညှိနှိုင်းဆောင်ရွက်နိုင်မယ့် အလုပ်အဖွဲ့ကိုပါ ဖွဲ့ခဲ့တယ်လို့ ပဒိုစောတာဒိုမူးက ပြောပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ် တရပ်ကို တိုင်းရင်းသားအဖွဲ့တွေက ရေးဆွဲပြီး အစိုးရနဲ့ တပ်မတော် ခေါင်းဆောင်တွေနဲ့ ဆွေးနွေး သဘောတူညီမှု ရယူဖို့ကိုလည်း PPST အဖွဲ့ရဲ့ စတုတ္ထအကြိမ်မြောက် ပထမပိုင်း ဆွေးနွေးပွဲ အပြီးမှာ ဆွေးနွေးနိုင်တယ်လို့လည်း KNU အဖွဲ့က ပြောပါတယ်။
PPST အဖွဲ့ရဲ့ ပထမပိုင်း ဆွေးနွေးပွဲ အပြီးမှာ PPST ကနေ နုတ်ထွက်ဖို့ စာတင်ထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ကို နုတ်ထွက်ခွင့် မပြုသေးဘဲ ယာယီ ဆိုင်းငံ့ပြီး မှတ်တမ်းတင်ထားတယ်လို့ ပဒိုစောတာဒိုမူးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ (NCA ) လက်မှတ်ထိုးပြီးဖြစ်တဲ့ အဖွဲ့ ၁၀ ဖွဲ့ သာမက ကျန်အဖွဲ့တွေပါ အကုန် ပါဝင်ဆွေးနွေးနိုင်မှသာ အားကောင်းစွာနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မှာဖြစ်လို့ အဲဒီလိုအဖွဲ့ ပေါ်ပေါက်လာရေးကို ဆွေးနွေး သွားရဦးမှာဖြစ်လို့ ဆိုင်းငံထားတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NCA-S EAO
"PPST က သူရဲ့စုဖွဲ့မှုတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အကြံပြုထားတာ ကြာပြီ။ အစည်းအဝေးတွေမှာ ဒါကို ပြုပြင်သင့်ပြီလို့ ပြောနေသလို ဆုံးဖြတ်ချက် ချမှတ်မှု အပိုင်းမှာလည်း ပြုပြင်သင့်တယ်လို့ ပြောတယ်။ အဲဒီအခြေခံတွေပေါ်မှာ မူတည်ပြီး ရှေ့ဆက် ကျွန်တော်တို့ စုစည်းမှုတွေဟာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသင့်တယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ အနေအထား အရ လိုအပ်မှုရှိတယ်ပေါ့၊ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က NCA အကောင်အထည်ဖော်ဖို့ ညှိနှိုင်းဆောင်ရွက်တဲ့ space တခုကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင်တဲ့ ဆန္ဒကြောင့် အဲလိုလုပ်တာ ဖြစ်တယ်" လို့ ပဒိုစောတာဒိုမူးက ပြောပါတယ်။
PPST အဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မေ လ ၁၄ ရက် ကနေ ၁၈ ရက် အထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အခုကျင်းပတဲ့ အစည်းအဝေးက PPST အဖွဲ့ရဲ့ စတုတ္ထအကြိမ်မြောက် ပထမပိုင်း ဆွေးနွေးပွဲ ဖြစ်ပြီး ဒုတိယပိုင်း ဆွေးနွေးပွဲကိုလည်း ထပ်မံကျင်းပသွားမယ်လို့ သိရပါတယ်။








