ကျောက်တော်မှာ ပစ်ခတ်မှုတွေဖြစ်လို့ တစ်ဦးသေပြီး၊ ကူးတို့သမားတစ်ဦးကျည်ဆန်ထိမှန်

ဓာတ်ပုံ ရင်းမြစ်, NARINJARA
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဒီကနေ့ မနက်အစောပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ တစ်ဦးသေဆုံး ပြီး တစ်ဦးကတော့ ဦးခေါင်းကို ကျည်ဆန်ထိမှန်သွားလို့ ကျောက်တော်ဆေးရုံကို ရောက်နေတယ်လို့ ကျောက်တော် ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။
သေဆုံးသွားသူဟာ ကျောက်တော်မြို့နယ်အနီး ဘုရားပေါင်းကျေးရွာမှာနေထိုင်တဲ့ ဆိုင်ကယ် ကယ်ရီဆွဲသူ ကိုမောင်မောင်လှဆိုသူဖြစ်ပါတယ်။ သူ့ရဲ့ဆိုင်ကယ်ကိုတော့ ပစ်ခတ်မှုတွေဖြစ်ပွားရာ အနီး ကားလမ်းမပေါ်မှာ အကောင်းအတိုင်းတွေ့ရတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေဆီက ပြန်သိရကြောင်းလို့ ဆေးရုံကို ကိုယ်တိုင်သွား ရောက်ကြည့်ရှုခဲ့သူ တစ်ဦးဖြစ်တဲ့ ကျောက်တော် ဒေသခံ လူထုဇော်ဝင်းကပြောပါတယ်။
'' မနက်အစောပိုင်းမှာ တောင်ပေါက်ရွာနဲ့ စစ်အောင်ရွာကြား ကုလားတန်မြစ်ကို ကူးတို့ကူးနေတဲ့ တစ်ယောက်လည်း နဖူးမှာဒဏ်ရာရပြီးတော့ ကျောက်တော်ဆေးရုံရဲ့ ဓာတ်မှန်ဆောင်မှာရောက်နေတာကို ကျွန်တော်သွားကြည့်ခဲ့တယ်၊ အဲဒီသူက ကုလားတန်မြစ်ရဲ့အရှေ့ဘက်ကမ်း စစ်အောင်ရွာကို ရောက်ပြီး ထိုးဝါးစိုက်ဖို့လုပ်နေတဲ့ အချိန်မှာ ခေါင်းကိုကျည်ထိသွားတာ၊ ကျဉ်အားပျော့သွားတယ်တော့ထင်တယ်၊ ခေါင်းကိုထိထားတာဆိုတော့ အခြေအနေတော့မသိရသေးဘူး'' လို့ သူကဆက်ပြောပြပါတယ်။

ဘုရားပေါင်းကျေးရွာဟာ ကျောက်တော်မြို့ပေါ်နဲ့ အနည်းငယ်သာကွာဝေးပြီး မြို့ပေါ်ကနေ ပစ်ခတ်သံ ပေါက်ကွဲသံတွေကိုတော့ ကြားခဲ့ရတယ်လို့ လည်း ကျောက်တော်မြို့ပေါ်မှာ နေထိုင်သူတစ်ဦးဖြစ်တဲ့ မလုလုရှေက ဘီဘီစီကိုပြောပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ ဘုရားပေါင်းကျေးရွာနဲ့ တောင်ပေါက်ကျေးရွာသားတွေဟာ အနီးဝန်းကျင်က ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်းသိရပါတယ်။
ဒီကနေ့ မနက်ပိုင်းက တပ်မတော်ဘက်က ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေ ရဲ့ ပြောဆိုမှုအပေါ် အတည်ပြုနိုင်ဖို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မအားလပ်သေးတဲ့အတွက် ဖြေကြားနိုင်ခြင်းမရှိဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့အကြား တိုက်ပွဲတွေ အနည်းငယ်ငြိမ်သက်ခဲ့ရာကနေ အခုမေလ ပထမပတ်အတွင်းမှာပဲ တိုက်ပွဲတွေပြန်လည်ဖြစ်ပွား လာခဲ့ ပါတယ်။
ဒီရက်ပိုင်းအတွင်း မေ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ဆိုသလို ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အနီးဝန်းကျင်တွေမှာ တပ်မတော်စစ်ကြောင်းတွေကို မိုင်းခွဲတိုက်ခိုက်ခံရတာ တွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။










