တပ်မတော် အပေါ် လက်နက်နဲ့ အခြားဆက်စပ်ပစ္စည်း ဝယ်ယူခွင့် အီးယူ ပိတ်ပင်မှု သက်တမ်းတိုး

မြန်မာ့တပ်မတော်အနေနဲ့ ပြည်တွင်းထုတ် လက်နက်ခဲယမ်းအများစု ကို အသုံးပြု၊ နိုင်ငံခြားကဝယ်တဲ့လက်နက်အများစုကလည်း တရုတ်နဲ့ ရုရှားက များ

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/AFP/GETTY

ဓာတ်ပုံ ပုံစာ, မြန်မာ့တပ်မတော်အနေနဲ့ ပြည်တွင်းထုတ် လက်နက်ခဲယမ်းအများစု ကို အသုံးပြု၊ နိုင်ငံခြားကဝယ်တဲ့လက်နက်အများစုကလည်း တရုတ်နဲ့ ရုရှားက များ

မြန်မာ့ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေ အပေါ် ဥရောပသမဂ္ဂအဖွဲ့ဝင် EU နိုင်ငံတွေကနေ လက်နက်အပြင် အခြား ဆက်စပ် စစ်ရေးဆိုင်ရာ ပစ္စည်းတွေဝယ်ယူခွင့် ပိတ်ပင်ထားတာကို ဧပြီလ ၂၉ရက်နေ့က ထပ်မံ သက်တမ်းတိုးလိုက် ပါတယ်။

အရေးယူမှု သက်တမ်းကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၃၀ရက်အထိ၊ ထပ်မံတိုးမြှင့်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ရဲ့ အဆင့်မြင့်အရာရှိ ၁၄ဦး တို့ အပေါ် တစ်ဦးချင်းစီ ပစ်မှတ်ထား ပိတ်ပင်တာတွေလည်းပါရှိပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက တပ်တွေနဲ့ မြန်မာတပ်တို့ စစ်ရေးလေ့ကျင့်မှုတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေလုပ်ဆောင်မှုကိုလည်း တားမြစ်ချက်မှာ ထည့်သွင်းထားပါတယ်။

ပိတ်ဆို့ အရေးယူမှု သက်တမ်း တိုးခံရတာ အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို တုံ့ပြန်ပါတယ်။

"အကျိုးသက်ရောက်မှုကြီးကြီးမားမားမရှိပါဘူး၊ မြန်မာ့တပ်မတော်အနေနဲ့ ပြည်တွင်းထုတ် လက်နက်ခဲယမ်းအများစု ကို အသုံးပြုနေတာပါ၊ နိုင်ငံခြားကဝယ်တဲ့လက်နက်အများစုကလည်း တရုတ်နဲ့ ရုရှားရှားက များ တယ်" လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ရေတိုမှာ ပိတ်ဆို့မှုက အကျိုးသက်ရောက်မှု နည်းပါးတယ်ဆိုပေမယ့် ရေရှည်အားဖြင့် လက်နက်ခဲယမ်းနဲ့ပက်သက်တဲ့ နည်းပညာတွေကို ကိုယ်တိုင်တည်ဆောက်ခြင်း အတွက် အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့တွေလိုအပ်နေတယ်လို့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက သုံးသပ်ပါတယ်။

မြန်မာ့တပ်မတော်ကအရှေ့တောင်အာရှနိုင်ငံတွေမှာ ကိုယ်ပိုင်လက်နက်ခဲယမ်းထုတ်လုပ်နိုင်စွမ်း အမြင့်ဆုံး နိုင်ငံအဖြစ်သတ်မှတ်နိုင်တယ်

ဓာတ်ပုံ ရင်းမြစ်, THET AUNG/AFP/GETTY

ဓာတ်ပုံ ပုံစာ, မြန်မာ့တပ်မတော်ကအရှေ့တောင်အာရှနိုင်ငံတွေမှာ ကိုယ်ပိုင်လက်နက်ခဲယမ်းထုတ်လုပ်နိုင်စွမ်း အမြင့်ဆုံး နိုင်ငံအဖြစ်သတ်မှတ်နိုင်တယ်

"နိုင်ငံတကာမှာ အခုသုံးနေတာက ပဲ့ထိန်းစနစ်တွေကိုသွားနေကြပြီ၊ ဒီစနစ်ကိုသွားမယ်၊ ကိုယ့် တိုင်းပြည်မှာ ဒီစနစ်ကိုထုတ်လုပ်နိုင်တဲ့ စနစ်အထိသွားမယ်ဆိုရင်တော့ နည်းပညာပိုင်းမှာ အရှေ့ အုပ်စု တစ်ခုတည်းမဟုတ်ဘဲ အနောက်အုပ်စုနည်းပညာတွေလည်းလိုလာမှာရှိတယ်၊ ရေရှည်ဆိုရင် တော့ တပ်မတော်ဖွံ့ဖြိုးဖို့အတွက် အနောက်က ပိတ်ဆို့တာတွေက အဟန့်အတားရှိတယ်" လို့ ဒေါက်တာမင်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။

မြန်မာ့တပ်မတော်က အသုံးပြုနေတဲ့ လက်နက်ခဲယမ်းတွေက ကိုယ်ပိုင်ထုတ်လုပ်တဲ့အရာတွေ အများစုဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေမှာ ကိုယ်ပိုင်လက်နက်ခဲယမ်းထုတ်လုပ်နိုင်စွမ်း အမြင့်ဆုံး နိုင်ငံအဖြစ်သတ်မှတ်နိုင်တယ်လို့လည်း သူကဆိုပါတယ်။

ဒါပေမယ့် ထိုင်းလိုနိုင်ငံတွေမှာတော့ အခုလိုပိတ်ဆို့မှုတွေမရှိလို့ အမေရိကန်နဲ့ အနောက်နိုင်ငံက လက်နက်ပစ္စည်းတွေကို တပ်ဆင်အသုံးပြုနိုင်တာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင်လည်း အမေရိကန်နဲ့ အခြားအနောက်နိုင်ငံတွေကနေ ဘင်္ဂလားဒေ့ရှ်စစ်တပ်အပေါ် လေ့ကျင့်သင်ကြား ပေးတာတွေရရှိတဲ့အတွက် မြန်မာနိုင်ငံထက်အကျိုးအမြတ်တွေရှိနေတယ်လို့ ဒေါက်တာမင်းဇော်ဦး က ဆိုပါတယ်။

အခုလိုပိတ်ပင်မှုတွေကို သက်တမ်းတိုးမြှင့်ရတာကလည်း ရခိုင်ဒေသက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှု၊ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသား တွေအပေါ် လူ့အခွင့်အရေးချိုး ဖောက်မှုတွေကြောင့် အခုလို သက်တမ်းထပ်တိုးပိတ်ပင်တားမြစ်တာခဲ့တယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

စစ်တပ်တွေအချင်းချင်း စစ်ရေးလေ့ကျင့် မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်တာတွေကို တားမြစ်တဲ့ဆုံးဖြတ်ချက်ကို ထပ်မံ သက်တမ်းတိုးတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STR/AFP/GETTY

ဓာတ်ပုံ ပုံစာ, စစ်တပ်တွေအချင်းချင်း စစ်ရေးလေ့ကျင့် မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်တာတွေကို တားမြစ်တဲ့ဆုံးဖြတ်ချက်ကို ထပ်မံ သက်တမ်းတိုးတာဖြစ်

ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာအစိုးရအနေနဲ့ နှောင့်နှေးမှုမရှိဘဲ ပြန်လည်ပြုပြင်ဆောင်ရွက်မှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

အခုသက်တမ်းတိုးတာ အီးယူက ၂၀၁၈ခုနှစ် ဒီဇင်ဘာတုန်းက ချမှတ်ခဲ့တဲ့ လက်နက်အပြင် ယင်းနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေဝယ်ယူခွင့်ပိတ်ပင်တာ၊ စစ်တပ်တွေအချင်းချင်း စစ်ရေးလေ့ကျင့် မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်တာတွေကို တားမြစ်တဲ့ဆုံးဖြတ်ချက်ကို ထပ်မံ သက်တမ်းတိုးတာဖြစ်ပါတယ်။