ထောင်တွေ ဘာကြောင့် ဆက်တိုက် ဆူတာလဲ

မြန်မာနိုင်ငံအနှံ့က အကျဉ်းထောင် ၆ ခုလောက်မှာ အခုရက်ပိုင်းထူးထူးခြားခြားဆူပူမှု အခုရက်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး လူ ၄ဦး သေဆုံးခဲ့ပါတယ် ။

နိုင်ငံတော် သမ္မတ ရဲ့ လွတ်ငြိမ်းသက်သာ သုံးကြိမ်မြောက် လွှတ်ပေးခဲ့ပြီးနောက် မေ ၈ ရက်နှင့် ၉ ရက်နေ့တွေမှာ အကျဉ်းထောင် ၆ခုက အကျဉ်းသားတွေ "လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရှိရေး" အတွက်လို့ ဆိုပြီး ချိန်သားကိုက် ထောင်ဆူပူမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အကျဉ်းထောင်သမိုင်းမှာ ၁၉၇၅ ခုနှစ်နောက်ပိုင်း နှစ်၅၀ အတွင်း ပထမဆုံး ဖြစ်ပြီးတော့ နောင်ဒီလို မဖြစ်အောင် အစိုးရ အနေနဲ့ စနစ်တကျ မူဝါဒ ချပြီးကိုင်တွယ်ဖို့ လိုတယ်လို့ အငြိမ်းစားထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က ဘီဘီစီကိုပြောပါတယ် ။

ခုလို ထောင်ဆူပူမူတွေ ဖြစ်ရတာဟာ နိုင်ငံတော် သမ္မတ ရဲ့ လွတ်ငြိမ်းသက်သာခွင့်ကြောင့် မမျှတဘူးဆိုတဲ့ ပြဿနာ ပေါ်လာခဲ့တာ ဖြစ်ပြီးတော့ ထောင်တွေဆူတာမှာ ထောင်အာဏာပိုင်တွေက နောက်ကွယ်ကနေ ပါဝင်ပတ်သက်တယ်ဆိုတာဟာ မဖြစ်နိုင်ဘူးလို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

ထောင်တွေ ဘာကြောင့်တပြိုင်တည်းဆူတာလဲ

မေ ၉ ရက်နေ့မနက်ပိုင်းမှာ ရွှေဘို၊ သာယာဝတီ၊ မြစ်ကြီးနား၊ ပုသိမ် စတဲ့အကျဉ်းထောင်တွေမှာ ဆူပူမှုတွေဆက်တိုက်ဖြစ်ခဲ့ပြီး ရွှေဘိုအကျဉ်းထောင်မှာတော့ အကျဉ်းသားသေဆုံးမှုတွေရှိခဲ့ပါတယ်၊ မေ ၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်ထိ ပြေလည်မှုမရရှိသေးဘူးလို့ သက်ဆိုင်ရာ တိုင်းဒေသကြီးအာဏာပိုင်တွေ ကနေ စုံစမ်းသိရှိရပါတယ်။

ရွှေဘိုအကျဉ်းထောင်မှာ ဆူပူမှုကြောင့် ပစ်ခတ်နှိမ်နှင်းရင်း သေဆုံးသွားတဲ့အကျဉ်းသားတွေ ၄ဦးရဲ့ ရုပ်အလောင်း တွေကိုတော့ နေ့လယ် ၁၂ နာရီခန့်မှာ အပြင်ကို သယ်ထုတ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

ဒါအပြင် သာယာဝတီ၊ ၊ကလေး၊ ဘားအံ ထောင်တွေ မှာလည်း ဆူပူမှုတွေ ရှိခဲ့ပါတယ်။

နိုင်ငံတဝန်းက အကျဉ်းထောင် ၆ ခုက ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေဟာ သမ္မတ လွတ်ငြိမ်းသက်သာခွင့်က တန်းတူညီမျှမှု မရှိဘူးဆိုပြီး မီဒီယာ၊ လူ့အခွင့်အရေးကော်မရှင်၊အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ထောင်တွေမှာ အကျဉ်းသားတွေ အရေအတွက် များလာတာ၊ ရာသီဉတု ပူတာ စတဲ့ အကျပ်အတည်းတွေ ရှိပေမဲ့ သမ္မတ ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်က ညီတူမျှတူ မရဘူး ဆိုတဲ့ အချက်ကြောင့် မီးပွားလို့ ပေါက်ကွဲ ထွက်လာတာ ဖြစ်နိုင်တယ်လို့လည်း လို့ အငြိမ်းစားထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က ပြောပါတယ် ။

အဓိက အကြောင်းရင်းကဘာလဲ

အကျဉ်းသား နှစ်သောင်းကျော် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရလာပြီးတဲ့နောက်မှာ သက်သာ ခွင့်မရတဲ့ အကျဉ်းသားတချို့က လွတ်ငြိမ်းသက်သာခွင့်ကို တန်းတူညီမျှရဖို့ ဆိုပြီးတောင်းဆိုလာကြတာ ဖြစ်ပါတယ်။

' ' ကျွန်တော်တို့ မြင်တာကတော့ ဒီပြဿနာရဲ့အခြေခံကတော့ လွတ်ငြိမ်းချမ်းသာ ခံစားခွင့်ရှိတယ်လို့ သတ်မှတ်ပြီး ပေးလိုက်တဲ့မူကြောင့်လို့ ထင်ပါတယ်။ မူကမပြတ်သားတဲ့အခါကျတော့ လူအမည်စာရင်းနဲ့ ပေးလိုက်တဲ့အခါမှာ ကျန်နေခဲ့တာတွေရှိတယ်။ ပုဒ်မတူတယ်၊ ကျခံရန် ကျန်ကာလတူမယ်၊ အကျိုးခံစား ခွင့်တူမယ်။ ဟိုထောင်ကလူကလွတ်တယ် ဒီထောင်က လူက မလွတ်ဘူးဆိုရင် ဒီလိုဆူပူမှုတွေဖြစ်လာ နိုင်တာပဲ။'' လို့ အငြိမ်းစားထောင်မှူးကြီးဟောင်းတစ်ဦးဖြစ်တဲ့ ဦးခင်မောင်မြင့်က သုံးသပ်ပြောဆိုပါတယ်။

သမ္မတရုံးကမေလ ၉ ၇က် နေ့ ညပိုင်း ထုတ်ပြန်ချက်မှာတော့ အကျဉ်းသား၊အကျဉ်းသူတွေကို စနစ်တကျ မူဝါဒချမှတ် ရွေးခဲ့တာလို့လည်း ပြောပါတယ်။

ထောင်တွေ တပြိုင်တည်း ဆူတာကတော့ သတင်းလုံခြုံမှု မရှိလို့ အင်တာနက်ကတဆင့် ကူးစက်တာဖြစ်တယ် လို့လည်းဦးခင်မောင်မြင့်က ပြောပါတယ် ။

အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ အထွေထွေလွတ်ငြိမ်းသက်သာခွင့်နဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရပေးတာနဲ့ ၂ မျိုးရှိတယ်လို့ သိရပါတယ်။

အထွေထွေလွတ်ငြိမ်းသက်သာခွင့်ထဲမှာ ပြစ်ဒဏ်ကျခံနေသူတွေအပြင် အချုပ်ကျနေသူတွေ အမှုရင်ဆိုင်နေရဆဲသူ အားလုံးကိုပါ လွတ်ငြိမ်းခွင့်ရနိုင်ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ ပေးရာမှာတော့ ပြစ်ဒဏ်ကျခံပြီးသူတွေကိုသာပေးနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

ထောင်ဆူတာတွေက ချိတ်ဆက်မှုတွေရှိသလား

အကျဉ်းထောင်ဆူပူမှုတွေဟာ မရိုးသားတဲ့ လှုံ့ဆော်မှုတွေ ကြောင့် ဖြစ်ကြောင်း သမ္မတ ရုံးက ထုတ်ပြန်ပါတယ်။အကျဉ်းသားတွေ ရဲ့ တောင်းဆိုချက် တွေက တစ်သဘောတည်း ဖြစ်နေပြီး ဒါတွေဟာ နောက်ကွယ်က သွေးထိုး မှုတွေ ကြောင့် ဖြစ်ရတာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ရုံး ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် ဆူပူမှုကို လက်ကိုင်ဖုန်းနဲ့လူမှု ကွန်ရက်ပေါ် တင်တာဟာ ချိတ်ဆက် သွေးထိုးမှုတွေ ရှိတယ်၊ ဒါကြောင့် ထိထိရောက် ရောက် စုံစမ်းမှုတွေ လုပ်သွားမယ်လို့ သမ္မတရုံးက ပြောပါတယ်။

အငြိမ်းစားထောင်မှူးကြီး ဟောင်း ဦးခင်မောင်မြင့် ကတော့ - ' 'ဒီလိုထောင်ဆူလို့ လွတ်ငြိမ်းချမ်းသာရတယ်ဆိုတဲ့ အစဉ်အလာဖြစ်လာမှာကိုတော့ ကျနော်စိုးရိမ်တယ်။ အဓိက ဘယ်လိုလွတ်ငြိမ်းချမ်းသာပေးတယ်၊ ဘယ်သူတွေက စိစစ်တယ်ဆိုတဲ့ ကိစ္စပဲ။ ထောင်ဆူတာမှာ ထောင်အာဏာပိုင်တွေက နောက်ကွယ်ကနေ ပါဝင်ပတ်သက်တယ်ဆိုတာတော့ အတွေ့အကြုံအရ မဖြစ်နိုင်ဘူး' ' လို့ပြောပါတယ်။

ထောင်ကျသူ အကျဉ်းသားတွေတွေ အခုလို ဆန္ဒပြ တောင်းဆို ခွင့် ရှိလား

ထောင်ကျသူတွေဟာ သူတို့ကို လွှတ်ပေးပါ၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးပါလို့ ဥပဒေအရ တောင်းဆိုခွင့် မရှိပါဘူး။

ဒါပေမဲ့ အငြိမ်းစားထောင်မှူးကြီး ဟောင်းလည်းဖြစ်၊ ဥပဒေ အကြံပေးလည်းဖြစ်တဲ့ ဦးခင်မောင်မြင့်ကတော့ လွတ်ငြိမ်းသက်သာကို နိုင်ငံတော် သမ္မတက ခွင့်ပြုလိုက်တဲ့ အချိန်မှာတော့ သူတို့မှာ တန်းတူ အခွင့်ရေးရဖို့ တောင်းဆိုခွင့်ရှိတယ်လို့ ပြောပါတယ်။

အမှန်က အခုအကျဉ်းသားတွေ လွှတ်တယ်ဆိုတာ လွတ်ငြိမ်းသက်သာခွင့်ပါ။ အားလုံးပါတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးတွေက ကိုယ်ပါတာ၊ မပါတာ ရှိကြတာပဲ။ ဘယ်လို မူနဲ့ လွှတ်တယ် ဘယ်သူတွေဆုံးဖြတ်တယ် ဘာကြောင့် သူတို့ လွှတ်တယ် ဆိုတာကို အကျဉ်းသားတွေ သေချာ သိရရင် ဒါတွေမဖြစ်နိုင်ဘူးလို့ လည်း ဦးခင်မောင်မြင့် ကပြောပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းထောင်ပေါင်း ၄၀ ကျော်ရှိပြီး အကျဉ်းထောင်တွေကို အဆင့်သတ်မှတ်ချက်အနေနဲ့ လူ ၁,၀၀၀ဆံ့ ထောင်ကို က အဆင့်၊ လူ ၅၀၀ ဆံ့ ထောင်ကို ခ အဆင့်နဲ့ ဂ အဆင့်၊ လူ ၃၀၀ ဆံ့ထောင်ကို ဃ အဆင့် အဖြစ် သတ်မှတ်ထား ပါတယ်။

အခုလို အကျဉ်းထောင်တွေမှာ ဆူပူမှုတွေမဖြစ်ခင် ဧပြီ၊ မေ နှစ်လအတွင်း နိုင်ငံတော်သမ္မတရဲ့လွတ်ငြိမ်း သက်သာခွင့်နဲ့ နိုင်ငံတဝန်းက အကျဉ်းသား ၂၃၀၀၀ ကျော်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ပါတယ်။

ထောင်ဆူတာ ဘယ်သူတွေပါနိုင်လဲ

ထောင်ဆူတာဖြစ်လာတာနဲ့ အနည်းဆုံး အဲ့ဒီထောင်အာဏာပိုင်တွေက ခုံရုံးဖွဲ့ အစစ်ခံရပြီးတော့ ။ ပြင်းထန်လာရင် ရာထူး ချတာတွေ၊ နယ်ပြောင်းတာတွေ၊ ထောင်အာဏာပိုင်က ထောင်ပြန်ချခံရတာတွေအထိ ဖြစ်နိုင်တယ်လို့ ဦးခင်မောင်မြင့် ကပြောပါတယ်။

အခု ရွှေဘိုထောင်လို လူသေပြီး ထိမ်းမနိုင် ဖြစ်ခဲ့တဲ့ အဖြစ်ဆို ရင် အဲ့ဒီထောင်အာဏာပိုင် ဟာ အပြင်းအထန် အရေးယူခံရ နိုင်တယ်လို့လည်း သူကပြောပါတယ်။

လက်ကိုင်ဖုန်းနဲ့ လူမှုကွန်ရက် အပေါ် တင်တာကိုတော့ ထောင်၀လမ်းကြောင်း အပြင် ထောင်ထဲ ကို အထုပ်နဲ့ ပစ်ထည့်တာ ဖြစ်နိင်တယ် လို့လည်း ထောင်၀န်ထမ်းတွေဘက်က သိရပါတယ်။

ထောင်ဆူတဲ့ အကျဉ်းသားတွေက စမတ်ဖုန်းနဲ့အင်တာနက်၊ တုတ်ဓားလက်နက်တွေ ဘယ်ကရတာလဲ။ ဒါ့အပြင် ထောင်ထဲမှာ ဆန္ဒပြတာမှာ လက်ကိုင်အသံချဲ့စက်သုံးပြီး ပြောဆိုနေတဲ့ပုံ တွေကအစ ။ ဘုတ်ပြားမှာ ဆော့ပင်နဲ့စာရေးပြီး ဆန္ဒပြတာတွေ့အဆုံး အဲဒီ့ပစ္စည်းတွေ ဘယ်လိုရသလဲဆိုတာ မြင်ရသူတွေက သိချင်နေကြပါတယ်။

အကျဉ်းသားတွေက အဲဒီ့လို ကိုင်ခွင့်ရှိနေအောင် မြန်မာနိုင်ငံ အကျဉ်းကဦးစီးဌာန၀န်ထမ်းတချို့ စည်းကမ်းပျက်မှုမှာ ပါ၀င်နိုင် တယ်လို့လည်း သုံးသပ်ကြပါတယ်။

ထောင်တွေဆက်တိုက် ဆူအောင်ချိန်ကိုက် ပြုလုပ်နေတာဟာ မရိုးသားတဲ့ သွေးထိုးလှုံ့ဆော်မှုတွေရှိနေတယ်လို့ သမ္မတရုံးက ကောတ်ချက်ချသလို ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးကိုလည်း စုံစမ်းစစ်ဆေးသွားမယ်လို့လည်း ထုတ်ပြန်ပါထားတယ်။