ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့တပ်မတော်က ဖမ်းဆီးထားတဲ့ ကျောက်တန်းရွာသား ၁၀၀ ကျော်ထဲက ၄၈ ဦးကို ပြန်လွှတ်ပေး
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ မြန်မာ့တပ်မတော်ရဲ့ဖမ်းဆီးခံထားရသူ ၁၃၁ ဦးထဲက ၄၈ဦးကို ဧပြီ ၆ ရက်နေ့မှာ တပ်မတော်ကနေ ပြန်လွှတ်ပေး လိုက်ပါတယ်။
ကျောက်တန်း ရွာသားအချို့ကို ဧပြီလ ၃၀ ရက်နေ့ကတည်းက ရက္ခိုင့်တပ်မတော် (အေအေ) နဲ့ပတ်သက်မှု ရှိတယ် ဆိုတဲ့ သံသယနဲ့ မြန်မာ့ကတပ်မတော်က ထိန်းသိမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။
အခု လွတ်လာတဲ့ သူတွေဟာ ရက္ခိုင့်တပ်မတော် အေအေနဲ့ ဆက်စပ်မှုမရှိဘူးလို့ စစ်ဆေးတွေ့ရှိရတဲ့ အတွက် လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောပါတယ်။
' ' စစ်ဆေးပြီးတဲ့အခါမှာ အေအေနဲ့ပတ်သက်မှုမရှိလို့ ၄၈ ယောက်ကိုထပ်လွတ်ပေးတယ်။ ကျန်တဲ့သူတွေကိုလည်း စုံစမ်း စစ်ဆေးပြီးတဲ့အခါ ကျွန်တော်တို့ သတင်းထုတ်ချက်အပိုင်းနဲ့ ပါဝင်ပတ်သက်မှု မရှိဘူးဆိုရင် ထပ်လွှတ်ပေး ဦးမှာပါ'' လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြောပါတယ်။
၄၈ ဦးလွတ်မြောက်လာပြီးတဲ့နောက်မှာ ထိန်းသိမ်းခံထားရသူ ၈၃ ဦးက ကျန်ရှိပါသေးတယ်။
ကျန်ရှိနေသူတွေကို ထပ်မံစစ်ဆေးသွားမှာဖြစ်ပြီး ပတ်သက်မှုရှိတဲ့လူတွေကိုတော့ တရားဥပဒေနဲ့ အညီ တရားစွဲဆိုသွားမယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားဆဲမှာပဲ မေလ ၂ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားတဲ့ အတွက် ဖမ်းဆီးခံထားရသူ တွေထဲက ရွာသား ၆ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
လက်ရှိ အချိန်မှာတော့ ကျောက်တန်းရွာမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီးလည်း တပ်မတော်ကနေ အဖွဲ့တစ်ခုကနေ စစ်ဆေးနေပြီး အခုအချိန်မှာတော့ အသေးစိတ်မသိရှိသေးဘူးလို့ သူက ပြောဆိုပါတယ်။
' ' ရွာမှာ သောက်ရေသုံးရေကအစ အခက်အခဲရှိနေတယ်။ရွာမှာကရေ ခမ်းသွားပြီ။ရေကအပြင်ကသွားခပ်ရတာ မြန်မာ့တပ်မတော်က ရွာကိုဝိုင်းထားတော့ အပြင်မထွက်ရဲကြတော့ ရေကဒုက္ခရောက် နေတယ်။ တောင်ပေါ်တက်ပြီးထင်းခုတ်ဝါးခုတ်စားနေရတဲ့သူတွေ မိန်းမတွေကလည်း သူတို့ယောက်ျားတွေ အဖမ်းခံထားရတော့ မလုပ်ရဲမကိုင်ရဲကြတော့ စားဝတ်နေရေးက တအားအခက်အခဲ ဖြစ်နေကြပါတယ်'' လို့ ကျောက်တန်းရွာရဲ့လက်ရှိအခြေအနေကိုရွာသူအမျိုးသမီး တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဖမ်းဆီးထိန်းသိမ်းထားသူတွေမှအပ ကျန်ရွာသားတွေကို ခုလိုမျိုး အသွားအလာ ပိတ်ပင်ထားတယ်ဆိုတာ သူမကြားသိရဘူးလို့ တုံ့ပြန်ပြောဆို ထားပါတယ်။