မြောက်ဦးတိုက်ပွဲ - ကိုးသောင်းဘုရားနား တိုက်ပွဲပြင်းထန်၊ သုံ့ပန်းတွေ လက်ရမိတယ်လို့ အေအေပြော

ဓာတ်ပုံ ရင်းမြစ်, Arakan Army
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ရှေးအမွေ ကိုးသောင်းဘုရားနား ဧပြီ ၉ ရက် ညပိုင်းက စလို့ အေအေနဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ဖြစ်လာခဲ့တာမှာ နောက်တစ်ရက် ညနေပိုင်း အထိ တိုက်ပွဲ ပြင်းထန် နေခဲ့တယ်လို့ နှစ်ဘက်စလုံးက အတည်ပြုပါတယ်။
ဧပြီ ၉ ရက် ည ၁ဝ နာရီ ဝန်းကျင်မှာ ကိုးသောင်းဘုရား အနောက်ဘက် ရဲတပ်ရင်း အမှတ် ၃၁ ကို အေအေက ဝင်ရောက်စီးနင်း ခဲ့ပါတယ်။
အဲဒီ နေရာမှာ အစိုးရစစ်တပ်ရဲ့ အမြောက်တပ် နေရာချထားတဲ့ အတွက် ဝင်တိုက်ရတာ ဖြစ်တယ်ဆိုပြီး အေအေဘက်က ပြောပါတယ်။
အဲဒီတိုက်ပွဲအပြီး အိမ်ထောင်သည်ရဲမေ အနည်းဆုံး ၅ ဦး ပျောက်ဆုံး နေတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးက ပြောသလို၊ အေအေဘက်ကလည်း သုံ့ပန်းတွေ လက်ရရထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဘယ်နှစ်ယောက်လည်း ဆိုတာတော့ အတိအကျ ထုတ်မပြောပါဘူး။
ရဲတပ်ရင်းနဲ့ လက်နက်ကြီးတွေ နေရာချမှု
ရဲတပ်ရင်းကို အေအေတပ်ဖွဲ့ဝင် အင်အား လေးရာ၊ ငါးရာထိ စုဖွဲ့ပြီး သာလွန် အင်အားနဲ့ မျက်နှာစာ လေးဘက်ကနေ ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်ဆိုပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။
အဲဒီမှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး တုံ့ပြန် တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီစခန်းဟာ ရဲတပ်ရင်း သက်သက်မဟုတ်ပဲ အစိုးရ အမြောက်တပ် နေရာ ချထားတာ ဖြစ်လို့ ဝင်ရောက် တိုက်ခိုက်ရတာ ဖြစ်တယ်ဆိုပြီး အေအေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
တပ်မတော်ဘက်ကတော့ အဲဒီမှာ အမြောက်တပ် နေရာချတာမျိုး မဟုတ်ဘူးလို့ ငြင်းပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိတဲ့ နေရာဖြစ်တာနဲ့ အညီ လိုအပ်တဲ့ ပစ်ကူ၊ စစ်ကူတွေ ပေးနိုင်ဖို့ ထားသင့်ထားထိုက်တဲ့ လက်နက်တွေ ထားတာမျိုးတော့ ရှိတယ်လို့ ဆိုပါတယ်။
ည ၁ဝ နာရီ ဝန်းကျင် စတင် စီးနင်းလာချိန် အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဘက်က ပြန်လည် ခုခံခဲ့တဲ့နောက် တိုက်ပွဲ ခဏရပ်သွားပေမယ့် ည နှစ်နာရီခွဲ အကျော်မှာတော့ အိမ်ထောင်သည်လိုင်းဘက်ကို အေအေတွေ ဝင်ရောက် စီးနင်းမိသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
မိသားစုဝင်တွေကို လက်ရဖမ်းမိထားတဲ့ အေအေအဖွဲ့တွေဟာ သူတို့ လက်ရဖမ်းမိထားသူတွေကိုပါ ခေါ်ဆောင်ပြီး တပ်ရင်းထဲထိ ရောက်လာကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက် မနက် ၅ နာရီ ဝန်းကျင်မှာ အေအေအဖွဲ့ ပြန်ထွက်သွားပြီး၊ အစိုးရတပ်ဘက်က တိုက်လေယာဉ်တွေသုံးပြီး လေကြောင်းက တိုက်တာတွေ ပြုလုပ်လာပါတယ်။
အစိုးရတပ်ဘက်က တိုက်လေယာဉ် ၃ စင်း အပါအဝင် စစ်ရဟတ်ယာဉ်တွေပါသုံးပြီး ဗုံးကြဲ တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ အေအေဘက်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အသေအပျောက်နဲ့ သုံ့ပန်းအဖြစ် အဖမ်းခံရမှု အခြေအနေ
ရဲတပ်ရင်း အမှတ် ၃၁ တိုက်ပွဲမှာ စစ်သည်တချို့ ကျဆုံး ခဲ့ပြီး အိမ်ထောင်သည် ရဲမေတချို့ ဖမ်းဆီး ခေါ်ဆောင် သွားခံခဲ့ရတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို အတည်ပြုပါတယ်။
အနည်းဆုံး အိမ်ထောင်သည် ရဲမေ ၅ ဦး ပျောက်ဆုံး နေတယ်လို့ ဆိုပြီး အရေအတွက် အတိအကျကို သိရဖို့ စိစစ် နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အေအေဘက်ကလည်း သူတို့မှာ သုံ့ပန်းတွေ လက်ဝယ် ရထားတာ ရှိတယ်လို့ ဆိုပေမဲ့ ဘယ်သူဘယ်ဝါတွေလဲ၊ ဘယ်နှစ်ယောက်လဲ ဆိုတာကို ထုတ်မပြောသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, www.cincds.gov.mm
ဧပြီ ၉ ရက် ညပိုင်း အေအေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေထဲ အမှတ် ၃၁ ရဲတပ်ရင်း ဌာနတင်မက၊ မြောက်ဦး တဝိုက်မှာပဲ ရှိတဲ့ လေညင်းတောင်ရွာ အနီး ယာယီ စခန်းကုန်းတစ်ခုလည်း တိုက်ခိုက် ခံရပါတယ်။
အဲဒီမှာလည်း အစိုးရရဲ့ လက်နက်ကြီးတွေ နေရာချထားတဲ့ အတွက် တိုက်ခိုက်ရတာ ဖြစ်တယ်လို့ အေအော ပြောခွင့်ရသူ ခိုင်သုခက ဆိုပါတယ်။ မြောက်ဦးတဝိုက်မှာ ဧပြီ ၁ဝ ရက် ညနေပိုင်း အထိ တိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
တိုက်ပွဲတွေ အတွင်း သုံ့ပန်းတွေ အပြင် အမြန်စပိဘုတ် ၇ စီးနဲ့ လက်နက်ခဲယမ်းမီးကျောက်တွေလည်း ရရှိခဲ့တယ်လို့လည်း အေအေဘက်က ပြောပါတယ်။ နှစ်ဘက် ထိခိုက်ကျဆုံးမှု အတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ရဲတပ်ရင်းကို ဝင်စီးခဲ့တဲ့ အေအေတွေနောက် လိုက်လံ ရှင်းလင်းတဲ့ အစိုးရတပ်ဖွဲ့ဟာ ဧပြီ ၁ဝ ရက် မွန်းလွဲပိုင်းမှာ လက္ကာရွာနားမှာ အရပ်ဝတ် လက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်ပြီး အဲဒီသူတွေ ရွာထဲ ဝင်ပြေးခဲ့လို့ လိုက်လံ ရှာဖွေ ဖမ်းဆီး ခဲ့တယ်လို့ ဆိုပါတယ်။ လက္ကာရွာထဲကနေ အရပ်ဝတ် ၂၃ ယောက်ကို ဖမ်းမိခဲ့တာမှာ အဲဒီသူတွေက သာထွန်းစံ ခေါင်းဆောင်တဲ့ ၃၅ ယောက်ပါ အဖွဲ့ထဲက သူတွေလို့ ထွက်ဆိုထားတယ် ဆိုပြီး တပ်မတော်က သတင်းထုတ်ပြန် ထားပါတယ်။
ရခိုင်ပြည်နယ်ထဲ အပြင်းထန်ဆုံး တိုက်ပွဲတွေထဲကတစ်ခု
သင်္ကြန်အကြိုကာလ ဧပြီ ၉ ရက် ညပိုင်းက စပြီး ပေါ်ပေါက်လာတဲ့ တိုက်ပွဲတွေ အတွင်း နှစ်ဘက် တပ်ဖွဲ့တွေဟာ လက်နက်ကြီးတွေ ပစ်အားမြှင့် သုံးစွဲခဲ့ကြသလို၊ အစိုးရတပ်ဘက်က ဂျက်တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေပါ အသုံးပြုခဲ့တဲ့ အတွက် ရခိုင်ပြည်နယ် လက်နက်ကိုင် ပဋိပက္ခတွေထဲ အပြင်းထန်ဆုံး တိုက်ပွဲလို့ ခေါ်နိုင်တယ် ဆိုပြီး ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
မြို့နယ်ထဲက ကျေးရွာတွေမှာသာမက ရှေးလက်ရာ ဘုရားပုထိုး အမွေတွေ ရှိနေတဲ့ မြောက်ဦးမြို့ ဝန်းကျင်မှာပါ ပစ်ခတ်မှုတွေ၊ တိုက်ပွဲတွေ ပေါ်ပေါက်လာတဲ့ အတွက် ယဉ်ကျေးမှု လက်ရာတွေ ထိခိုက်မယ့် အပေါ် စိုးရိမ်မှုတွေလည်း တိုးမြင့်လာပါတယ်။
ဒေသတွင်း အစိုးရတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို ဟန့်တားနိုင်ဖို့ မြောက်ဦးမြို့တဝိုက် တိုက်ပွဲ ဖော်ရတာလို့ အေအေက ပြောသလို၊ အစိုးရတပ်ကလည်း စစ်ရေး ဗျူဟာအရ လက်နက်ကြီး နေရာချမှုတွေ ရှိပေမဲ့ တကယ်တမ်း ပစ်ခတ် တိုက်ခိုက်တာမျိုးကို ထိန်းချုပ် လုပ်ဆောင်တယ်လို့ ဆိုပါတယ်။
အရပ်သားတွေကို မထိခိုက်ရအောင်နဲ့ ဘုရားပုထိုး အမွေအနှစ်တွေ မပျက်စီးရအောင် ထိန်းချုပ်လုပ်ဆောင် နေတဲ့ အတွက် အေအေကို ကိုင်တွယ်ရေးမှာလည်း အင်အားကို ထိန်းချုပ်ပြီး အကန့်အသတ်နဲ့သာ လုပ်ဆောင်ရတဲ့ သဘောမှာ ရှိနေတယ်လို့ ဆိုပါတယ်။










