ရခိုင်ပြည် မြောက်ဦး လေးမျက်နှာ ပုထိုးတော်ကြီးက ရှေးဟောင်းလက်ရာတွေ ဖျက်ဆီးခံရ

burma

ဓာတ်ပုံ ရင်းမြစ်, Education Images

ဓာတ်ပုံ ပုံစာ, မြောက်ဦးက မင်းစောမွန်တည်ထားခဲ့တဲ့ လေးမျက်နှာဘုရားကြီး

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ယဉ်ကျေးမှုနယ်မြေကို ယူနက်စကို ဝင်နိုင်ရေးအတွက် ကြိုးပမ်းနေချိန်မှာ မြောက်ဦးမြို့တည် ရှေးဟောင်း သမိုင်းဝင် လေးမျက်နှာ ပုထိုးတော်ကြီးက ရှေးဟောင်းဘုရားတွေ ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

ဘုရားဆင်းတုတော်တွေ ဖျက်ဆီးခံရတဲ့ ပုထိုးတော်ကြီးကို ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃ဝ မှာ မြောက်ဦးမြို့တည် ဘုရားအဖြစ် တည်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီပုထိုးတော်ကြီးရဲ့ အတွင်းမှာ ရှိတဲ့ ကျောက်ဆစ်လက်ရာ ဘုရားဆင်းတုတော် တော်တော်များကို အောက်တိုဘာလ ၁၈ ရက် ညက မသမာသူတွေက ဝင်ရောက် ဖျက်ဆီးခဲ့ပါတယ်။

burma
ဓာတ်ပုံ ပုံစာ, ရှေးဟောင်းဆင်းတုတော်တွေ ပျက်စီး

အနည်းဆုံး ရုပ်ပွားတော် ၁၂ ဆူလောက် ဖျက်ဆီးခံရတဲ့ အတွက် ဦးတော်တွေ ကျိုးပဲ့တာ၊ မျက်နှာတော်တွေကို ဖျက်ဆီးတာ၊ လက်မောင်းတွေ ကျိုးပဲ့နေတာတွေ တွေ့ရတယ်လို့ မြောက်ဦးမြို့ ရှေးဟောင်း အမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောပါတယ်။

ဆင်းတုတော် နှစ်ဆူ ဆိုးဆိုးရွားရွားပျက်စီးတယ်လို့ သိရပါတယ်။

ဒီပုထိုးတော်ကြီးဟာ သမိုင်းဝင် ဘုရားတဆူဖြစ်တာကြောင့် မြောက်ဦးရှေးဟောင်း သုတေသနဌာန က ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ပုထိုးတော်ကြီး တဆူလည်း ဖြစ်ပါတယ်။

ဒီလို ဖြစ်ရတာနဲ့ ပတ်သက်ပြီး လုံခြုံရေး အားနည်းတွေ အတွက် ဖြစ်ရတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

ဘုရားတိုင်းမှာ လုံခြုံရေး အစောင့် မထားနိုင်လို့ ပျက်စီးဆုံးရှုံးတာတွေ ရှိတယ် မြောက်ဦးရှေးဟောင်း သုတေသန ဦးစီးမှူး ဒေါက်တာ သန်းထိုက်က ပြောပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Education Images

ဓာတ်ပုံ ပုံစာ, မြတန်ဆောင်ဘုရားက ဦးတော်ပြတ်နေတဲ့ ဆင်းတုတော်

အီတလီက ပညာရှင်တွေနဲ့ မြောက်ဦးမြို့ ယဉ်ကျေးမှုနယ်မြေကို ယူနက်စကို ဝင်နိုင်ရေးအတွက် ဆွေးနွေးပွဲလုပ်ခဲ့ပြီး မြောက်ဦးမြို့ ရေသွင်းရေထုတ်စနစ်ကို လေ့လာနေတယ်လို့လည်း သိရပါတယ်။

မြောက်ဦးမြို့တည် လေးမျက်နှာ ဘုရားပုထိုးတော်ထဲက ဆင်းတုတော်တွေ ဖျက်ဆီးခံရတဲ့ အတွက် မြောက်ဦးမြို့မ ရဲစခန်းက အမှုဖွင့်ပြီး ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ရေး ကြိုးပမ်းနေကြပါတယ် ။

မြောက်ဦးဟာ ရခိုင်မင်းအဆက်ဆက် အနှစ်ရာချီ စိုးစံခဲ့တဲ့ မြို့ကြီး ဖြစ်ပြီး မြန်မာဘုရင် ဘိုးတော်ဘုရား သိမ်းပိုက်ပြီးနောက် ထီးနန်းပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် ရခိုင့်အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ အဖြစ် ကျင်းပလေ့ရှိပါတယ်။