ပြည်သူ့ဂုဏ်ရည်ဆုရသူ မသန်စွမ်းဆရာမ ဒေါ်အိအိညိမ်း

အစိုးရဆရာမအဖြစ်လျှောက်ထားခဲ့ပေမဲ့ သုံးကြိမ်တိုငိတိုင် အငြင်းခံရသူဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, YE PYAE ZER NE

ဓာတ်ပုံ ပုံစာ, အစိုးရဆရာမအဖြစ်လျှောက်ထားခဲ့ပေမဲ့ သုံးကြိမ်တိုငိတိုင် အငြင်းခံရသူဖြစ်ပါတယ်

မသန်ပေမယ့်စွမ်းတဲ့ ဆရာမလေး ဒေါ်အိအိညိမ်းဟာ အမေရိကန်နိုင်ငံက နှစ်စဉ်ပေးအပ်နေတဲ့ လူအများ အားကျဂုဏ်ယူ အတုယူဖွယ် ပြည်သူ့ဂုဏ်ရည်အထူးဆု ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွက် ဆွတ်ခူးရရှိသွားပါတယ်။

သူဟာမွေးရာပါ မသန်စွမ်းသူဖြစ်ပြီး ပုဂံတစ်ဖက်ကမ်း အိမ်ခြေ၃၀၀ လောက်ရှိတဲ့ အရှေ့သီရိရွာမှာနေထိုင်သူဖြစ်ပါတယ် ။

မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနမှ တရားဝင် ဆရာအဖြစ်လျှောက်ထားခဲ့ပေမဲ့ သုံးကြိမ်တိုငိတိုင် အငြင်းခံရသူဖြစ်ပါတယ် ။

ဆရာမဒေါ်အိအိညိမ်းဟာ မွေးရာပါ လက်တစ်ဖက် ခြေတစ်ဖက်မသန်စွမ်းပေမယ့် ကျောင်းဆရာမအလုပ်ကို၂၀၁၃ခုနှစ်က ဝါသနာပါလွန်းလို့ လျှောက်ခဲ့ပါတယ်။ ဒါပေမဲ့ ပညာရေးဝန်ကြီးဌာနက လက်မခံခဲ့ပါဘူး။နောက်ထပ်နှစ်ကြိမ်လည်းအလားတူငြင်းခံရပါတယ်။

ဆရာမအတွက် သွားရေးလာရေးခက်တယ် လို့အကြောင်းပြငြင်းခံခဲ့ရတယ် လို့ သူက ဘီဘီစီကို ပြောပါတယ်။

ဆရာမအတွက် သွားရေးလာရေးခက်တယ် လို့အကြောင်းပြငြင်းခံခဲ့ရတယ် လို့ သူက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE PYAE ZAR NE

ဓာတ်ပုံ ပုံစာ, ဆရာမအတွက် သွားရေးလာရေးခက်တယ် လို့အကြောင်းပြငြင်းခံခဲ့ရတယ် လို့ သူက ဘီဘီစီကို ပြောပါတယ်။

ဘာလို့ဆုရတာလဲ

ဆရာမ ဒေါ်အိအိညိမ်းဟာ မွေးကတည်းက ညာဘက်ခြေထောက်နဲ့ ညာဘက်လက် မသန်စွမ်းတဲ့သူပါ။ သူဝါသနာပါပြီး ဆန္ဒပြင်းပြတဲ့ နိုင်ငံ့ဝန်ထမ်းဆရာမ တစ်ယောက်ဖြစ်ဖို့ ၃ ကြိမ် တိုင်တိုင် လျှောက်ထားရာမှာ သူရဲ့မသန်စွမ်းမှုကြောင့် ၃ ကြိမ်လုံး ပယ်ချခံရပေမယ့် လက်မလျော့ဘဲ သူ့ရွာကျောင်းလေးမှာပဲ လုပ်အားပေး ဆရာမအဖြစ် ဆယ်စုနှစ်ကျော် ကိုယ်ကျိုးစွန့် လုပ်ကိုင်နေတဲ့ သူရဲ့စိတ်ဓာတ်ကို အသိမှတ်ပြု ဂုဏ်ပြုချီးမြှင့်တာ ဖြစ်တယ်လို့ ဆုပေးတဲ့ အဖွဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ် ။

ဆရာအဖြစ်လျှောက်ထားခဲ့ပေမဲ့ သုံးကြိမ်တိုငိတိုင် အငြင်းခံရ တာကို ဇွဲမလျှော့ပဲ ဆရာမ ဒေါ်အိအိငြိမ်းက (၂၀၀၄ ခုနှစ်က ၂၀၀၈ခုနှစ် အထိ) အရှေ့သီရိကျေးရွာမှာ ကျောင်းမှာ အစိုးရလခ တပြားတချပ်မှမရပဲ စေတနာဖြင့် စာသင်ကြားပေးခဲ့တယ် လို့ သူက ဘီဘီစီကိုပြောပါတယ်။

သူဘာတွေလုပ်ခဲ့လဲ

ဆရာမ ဒေါ်အိအိညိမ်းက တော့ သူဖြစ်ချင်တဲ့ အစိုးရခန့်ဆရာမအဖြစ် (ပခုက္ကူမြို့နယ်) ပညာရေးဌာနက လက်မ ခံသော်လည်း ကျေးရွာတဝိုက်ရှိ ကလေးငယ်များစွာရဲ့ ပညာရေးအတွက် စေတနာဖြင့် စာ သင်ကြားပေးနေသူ ကျောင်းဆရာမအဖြစ်နှစ်ပေါင်းများစွာတိုင် လုပ်ကိုင်ပေး ခဲ့ပါတယ်။၂၀၀၈ နောက်ပိုင်းမှာတော့ ရွာက ခန့်ထားတဲ့ ဆရာမအဖြစ် ခန့်အပ်တာ ခံရပြီးရွာက လစာပေးတာရရှိခဲ့ပါတယ်။

သူက နဝမတန်းအပါဝင် ကျောင်းသား ၅၀လောက် ကို သင်ပေးနေရ တယ်လို့ ဘီဘီစီကို ပြောပါတယ်၊အဖွဲ့စည်းတွေက ဂုဏ်ပြုတော့ ပိုပြီး အားတက်ရတယ်လို့ လည်း ဆရာမ ဒေါ်အိအိညိမ်းကပြောပါတယ်။

၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ/ဆရာမများအဖွဲ့ချုပ်ကပေးတဲ့ မြန်မာတစ်နိုင်ငံလုံး ဆရာထူးချွန်ဆု"မီးအိမ်ရှင်"ဆုကိုလည်းရရှိခဲ့ပါတယ်

မသန်စွမ်းတွေအတွက် ပညာရေးမှာအကန့်အသတ်တွေရှိလား

ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်ဝင်ခွင့်နှင့် အခြား ဆရာဖြစ်သင်တန်းများမှာ ဆရာ၊ ဆရာမလောင်းများ ကိုယ်လက်အင်္ဂါပြည့်စုံ၊ မပြည့်စုံ အစစ်ခံကြဆဲဖြစ်တယ်

ဓာတ်ပုံ ရင်းမြစ်, YE PYAE ZAR NI

ဓာတ်ပုံ ပုံစာ, ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်ဝင်ခွင့်နှင့် အခြား ဆရာဖြစ်သင်တန်းများမှာ ဆရာ၊ ဆရာမလောင်းများ ကိုယ်လက်အင်္ဂါပြည့်စုံ၊ မပြည့်စုံ အစစ်ခံကြဆဲဖြစ်တယ်

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာတနိုင်ငံ လုံးမှာ မသန်စွမ်းအရေအတွက် ၂.၃ သန်းခန့် ရှိပြီး၊မြန်မာ့ပညာရေးစနစ် ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်ဝင်ခွင့်နှင့် အခြားသော ဆရာဖြစ်သင်တန်းများ၌ သင်တန်းသား ဆရာ၊ ဆရာမလောင်းများ ကိုယ်လက်အင်္ဂါပြည့်စုံ၊ မပြည့်စုံ အစစ်ခံကြဆဲဖြစ်တယ်လို့ အငြိမ်းစား ကျောင်းဆရာ တစ်ဦးကပြောပါတယ်။

ဆရာမ ဒေါ်အိအိညိမ်းက သူလိုချင်တဲ့ အစိုးရခန့် ဆရာမရာထူး ကတော့ နောက်ပုိင်းဘာမှလည်း အကြောင်း မပြန်သလို အသက်လည်းကျော်သွားပြီ ဖြစ်လို့ မမျှော်တော့ဘူးလို့ ဒေါ်အိအိညိမ်းကပြောပါတယ်။

အခုလိုဆုတွေရတာ ဟာ သူ့ရွာက ကလေးတွေအတွက် မသန်စွမ်းတစ်ဦး လုပ်နိုင်တဲ့ ခွန်အားနဲ့ လုပ်တာကို အသိမှတ်ပြုတဲ့အပေါ် ဝမ်းသာတယ် လို့ လည်းပြောပါတယ်။

သူဘာဆက်လုပ်မလဲ

ပုဂံတစ်ဖက် ကမ်းမှာရှိတဲ့အရှေ့သီရိရွာကို နိုင်ငံ ခြားသားတွေအလည်လာတာရှိတာကြောင့် ရွာမှာ ကလေးတွေ ကို အင်္ဂလိပ်စာသင်ပေးချင်တယ် လို့ သူကပြောပါတယ်။ ပုဂံမှာ ဈေးရောင်းတာကအစ အင်္ဂလိပ်စာ က အရေးပါတယ် လို့လည်း ဒေါ်အိအိညိမ်းက ရှင်းပြပါတယ်။

ဒါပေမဲ့ အခုထိ သူကိုယ်တိုင် ရွာမှာ ကလေးတွေ အင်္ဂလိပ်စာသင်ဖို့ရာ လုံလောက်တဲ့ အခြေခံမရှိသေးဘူးလို့လည်း သူကပြောပါတယ်။

"မသန်စွမ်းမှုကို မကျေမနပ်ဖြစ်နေရင်လူပိုကြီးတစ်ယောက်လိုမျိုး ခံစားရမှာ၊ အခု ကလေးတွေနဲ့ ပျော်လိုက်၊ ပါးလိုက်၊ ကိုယ်သိသလောက် သူတို့ကိုဖြန့်ဝေပေးလိုက်ဆိုတော့ ပျော်နေတာပါလို့ "ဒေါ်အိအိညိမ်း ကပြောပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆု ( Citizen of Burma Award) ကို အဝေးရောက် မြန်မာတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ရွေးချယ်ခဲ့ပြီး ဧပြီလ ၆ ရက်က ဆုရသူတွေကို ကြေညာခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုနဲ့ အထူးဆုရှင် ကြေညာဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် Phoenix မြို့မှာ တပြိုင်တည်း ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဆုပေးအပ်ပွဲကိုတော့ ဧပြီလ ၂၈ ရက်နေ့ မန္တလေးမှာ ကျင်းပမှာဖြစ်ပါတယ်။

၂၀၁၉ ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို အမေရိကန်ဒေါ်လာ ၁ သောင်း ချီးမြှင့်ပြီး၊ အထူးဆုရှင်တွေကိုတော့ ဒေါ်လာ ၁ ထောင်စီ ချီးမြှင့်တာ ဖြစ်ပါတယ်။

၂၀၁၉ ပြည်သူ့ဂုဏ်ရည်ဆုကို အစိုးရဌာန တခုဖြစ်တဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ က ရရှိပြီး ပြည်သူ့ဂုဏ်ရည် (အထူးဆု) ၄ ဆုကို ဆရာမ ဒေါ်အိအိညိမ်း၊ မဆွတ်ဆိုင်းထွယ်၊ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်နဲ့ Clean Yangon Campaign အဖွဲ့တို့ ရရှိပါတယ်။