ထိရောက်တဲ့အရေးယူမှုတွေ တိုးလာမယ်လို့ အဂတိ တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ပြော

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
အကျင့်ပျက် ခြစားမှု အဂတိ အတွက် အရေးယူ ဆောင်ရွက်မှုတွေ တိုးလာမှာ ဖြစ်ပြီး၊ အမှုကြီးတွေလည်း ပါဝင်လာလိမ့်မယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ဘီဘီစီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောလိုက်ပါတယ်။
"အခုနောက်ပိုင်းတွေ့ရတဲ့ လောလောဆယ် စစ်ဆေးနေတဲ့အမှုတွေမှာတွေ့ရတာဆိုရင် လုပ်ပိုင်ခွင့်ရှိတဲ့လူတွေပေါ်မှာ ပိုပြီးတော့အရေးယူနိုင်တာကိုတွေ့ရပါတယ်" လို့ ဦးအောင်ကြည်က ဆိုပါတယ်။
ကော်မရှင်အနေနဲ့ အမှားအယွင်း မရှိအောင် ဂရုတစိုက် စစ်ဆေးတာတွေ လုပ်ပေမယ့် တကယ် လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားမှာ ဖြစ်ပြီး ဒါကို လုံးဝ သံသယ မရှိဖို့ ဦးအောင်ကြည်က ဘီဘီစီကို ပြောပါတယ်။
အခု နှစ်ပိုင်းတွေထဲမှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက်မှုတွေ ပို တွေ့ရလာရသလို အဲဒီထဲမှာ အဆင့်မြင့် ရာထူး ယူထားသူတွေကို တရားစွဲဆို တာတွေလည်း ဖြစ်လာခဲ့ပါတယ်။
ဒီထဲမှာ အဆင့်အမြင့်ဆုံး အဖြစ် တနင်္သာရီ တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူး၊ အစားအသောက်၊ ဆေးဝါး ကွပ်ကဲရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် တို့ အပါအဝင် ရာထူး အဆင့်မျိုးစုံကို တွေ့ရပါတယ်။
နောက်ဆုံး ဖြစ်စဉ် အဖြစ် ဧပြီလ ၁ ရက်နေ့ ကလည်း အမှတ် (၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးကို အဂတိ အမှု နဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုခဲ့ပါတယ်။
ကျပ်သိန်း ၇၀ ကျော်လာဘ်စားခဲ့လို့ အမှတ် ၂၊ သတ္တုတွင်းဦးစီးဌာနရဲ့ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သူ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင် ကို အဂတိတိုက်ဖျက်ရေး ကော်မရှင်က ဧပြီ ၁ရက်နေ့မှာ ပထမသတင်းပေး အမှုဖွင့်အရေးယူခဲ့တယ်လို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ဘီဘီစီကို အတည်ပြုပါတယ်။
အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ဟာ အပန်းဖြေခရီး သွားခဲ့တုန်းက ဟိုတယ်အခန်းခ သိန်း ၄၀ ကျော်နဲ့ ကိုယ်ပိုင်မြေကွက်ကို မြေညှိမြေရှင်းရာ ကုန်ကျငွေ ကျပ်သိန်း ၃၀ ကျော်၊ စုစုပေါင်း ကျပ်သိန်း ၇၀ ကျော်ကို ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ အဂတိလိုက်စားခဲ့တယ်ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ဘီဘီစီကိုပြောပါတယ်။
တိုင်ကြားစာရရှိတဲ့အချိန်ကို ကော်မရှင်ကပြောဆိုခြင်းမရှိပေမယ့် တိုင်ကြားစာရရှိတဲ့အချိန်ကစပြီး တိုင်ကြားစားကို ချက်ချင်းစိစစ်ကာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေကိုပြုလုပ်ခဲ့တယ်လို့ ဦးကျော်စိုးက ဆိုပါတယ်။
"အခုဟာက အဂတိလိုက်စားတယ်လို့ပေါ်တဲ့ အတည်ပြုချက်အရ သတင်းထုတ်ပြန်လို့ရတဲ့အပိုင်းတွေကိုပဲ ထုတ်ပြန်ပေးတာ" လို့ သူက ပြောပါတယ်။
စစ်ဆေးဖော်ထုတ်မှုအရ အဂတိလိုက်စားမှုပေါ်လွင်တဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ နေပြည်တော် ဇမ္ဗူသီရိ ရဲစခန်းမှာ ပထမသတင်းပေးတိုင်ကြားကာ တရားစွဲဆိုအရေးယူဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သူကပြောပါတယ်။
အဂတိမှုမြောက်တဲ့ တွေ့ရှိချက်လက်ရှိတွေ့ရှိချက်တွေနဲ့ ပထမသတင်းရေးတိုင်ကြားပြီး တရားစွဲဆိုမှုလုပ်တဲ့ အကြောင်းကိုသာ ထုတ်ပြန်နိုင်သေးပြီး စုံစမ်းစစ်ဆေးချက်များပါ အခြား အချက်အလက်တွေကို ကော်မရှင်ဥပဒေပါအတိုင်း လျှို့ဝှက်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အခြားအမှုတွဲများထပ်မံ ဖော်ထုတ်ရရှိမှု ရှိမရှိမေးမြန်းမှုကို ဦးကျော်စိုးက ပြောပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂၀ (ဃ) က စိစစ်ချက်နဲ့ စုံစမ်းစစ်ဆေးရေးကိစ္စအသီးသီးကို လျို့ဝှက်ထားရမယ်လို့ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ACC Myanmar
ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့ကလည်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ သူနဲ့ဆက်စပ်တဲ့ Global Grand Services (GGS) ကုမ္ပဏီက ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၂၀၁၃ မှာ ပြဋ္ဌာန်းခဲ့ပြီး လေးကြိမ်အထိပြင်ဆင်ခဲ့ပါတယ်။ နောက်ဆုံး စတုတ္ထအကြိမ်ကို လက်ရှိ ကော်မရှင်လက်ထက် ၂၀၁၈ ခုနှစ် ဇွန် မှာပြင်ဆင်ခဲ့ပါတယ်။
အဲဒီမှာ ပြည်သူ့ဘဏ္ဍာရန်ပုံငွေ ထိခိုက်ဆုံးရှုံးစေမှု လို ပြင်ဆင်ချက် အသစ်တွေ ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ပိုမိုအရှိန်မြှင့်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနိုင်မယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ဘီဘီစီနဲ့ သီးသန့် အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
အဂတိတိုက်ဖျက်ရေး ကော်မရှင်ဟာ ၂၀၁၉ မတ်လကစပြီးတော့ ဝန်ကြီးဌာန ၁၅ ခု မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ခွဲ (Corruption Protection Unit) တွေကို ဖွဲ့စည်း နိုင်ခဲ့ပါတယ်။
အဲဒီအဖွဲ့တွေက ပြည်ထောင်စုဝန်ကြီးတွေ ဦးဆောင် လုပ်ကိုင်ကြမှာ ဖြစ်လို့ အစိုးရဌာန အတွင်းမှာလည်း အဂတိလိုက်စားမှုတိုက်ဖျက်တာတွေကို ပိုလုပ်လာနိုင်မယ်လို့ ဦးအောင်ကြည်က ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာတော့ နိုင်ငံတကာ ပွင်းလင့်မြင်သာမှု အဖွဲ့ (Transparency International) ၂၀၁၈ ခုနှစ် ညွှန်းကိန်းတွေအရ မြန်မာနိုင်ငံက အဂတိလိုက်စားမှု ကမ္ဘာ့အဆင့် ၁၃၂ မှာ ရှိနေပါတယ်။ အာရှ-ပစိဖိတ်(စ်) အဆင့် အဂတိလိုက်မစားမှုအဆင့်မှာတော့ အဆင့် ၂၉ နေရာမှာရှိ နေပါတယ်။
၂၀၁၇ ခုနှစ် ညွှန်ကိန်းတွေနဲ့နှိုင်းယှဉ်ကြည့်ရင် ကမ္ဘာ့အဆင့်မှာ အဆင့် ၃ ဆင့် အထိတက်လာ သလို၊ အာရှ-ပစိဖိတ်ဒေသတွင်းမှာတော့ အဆင့် ၁ ဆင့် တက်လာပေမယ့် ဒေသတွင်းရဲ့ အကျင့်ပျက် ခြစားမှု အများဆုံး နိုင်ငံတွေ စာရင်းမှာတော့ ပါဝင်နေဆဲ ဖြစ်ပါတယ်။








