ရခိုင်မြောက်ပိုင်း နယ်ခြားရဲကင်းတစ်ခု တိုက်ခိုက်ခံခဲ့ရပြီး ဒုရဲအုပ်တစ်ဦး သေဆုံး

နယ်ခြားစောင့်စခန်း

ဓာတ်ပုံ ရင်းမြစ်, Narinjara

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ် နယ်ခြားစောင့် ကင်းစခန်းတစ်ခု

မောင်တောမြို့နယ်ထဲက နယ်ခြားစောင့် ကင်းတစ်ခု ဖေဖေါ်ရီလ ၁၄ ရက် မနက်အစောပိုင်းက တိုက်ခိုက် ခံခဲ့ရတဲ့ အတွက် ဒုရဲအုပ်တစ်ယောက် ကျဆုံး ခဲ့ပါတယ်။

သေဆုံးသူ ဒုရဲအုပ်ရဲ့ နာမည်ဟာ စောမောင်မောင် ဖြစ်တယ်လို့ သိရပေမယ့် ဘယ်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်တာလဲ ဆိုတာတော့ အတည် မပြုနိုင်သေးပါဘူး။

လာတိုက်တဲ့အဖွဲ့ဆီက အလောင်းတစ်လောင်းမှ မကျန်ခဲ့တဲ့ အတွက် သဲလွန်စ ကျန်ရစ် မနေခဲ့ဘူးလို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဂျီဝမ်းရဲမှူးကြီးက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲသတင်း အချက်အလက်တွေကို တရားဝင် ထုတ်ပြန်ပေးမယ်လို့လည်း အဲဒီ ရဲအရာရှိက ပြောပါတယ်။

ထိတွေ့ တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ ရဲကင်းဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ နယ်စပ်အနီး မောင်တောမြို့နယ် မြောက်ပိုင်း၊ ဗန္ဓုလ-ခမောင်းဆိပ်-ကြိမ်ချောင်းသွား ကားလမ်း ကာလာဒေးဗတ်ကျေးရွာအနီး ရဲဘောက်ချ ချောင်းတံတားထိပ် ကင်းပုန်းဝပ်နေတဲ့ တပ်စိတ် ဖြစ်တယ်ဆိုပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာ အဖြစ် အပြာရောင် အမှတ်အသားရထားတဲ့ ရဲဇာနည် စာမျက်နှာမှာ သတင်းထုတ်ပြန် ထားပါတယ်။

ရဲဇာနည် ဖေ့စ်ဘုတ် စာမျက်နှာပေါ် ရေးသားထားချက်အရ အာဆာနဲ့ အေအေ ပူးပေါင်း အဖွဲ့ အင်အား ၃ဝ နဲ့ တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုထားပါတယ်။

နယ်ခြားစောင့်စခန်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မောင်တောမြို့နယ်ထဲက နယ်စပ်စည်းရိုးနား မြန်မာနယ်ခြားစောင့် ကင်းလှည့်နေတာကို ၂ဝ၁၆ အောက်တိုဘာတုန်းက ရိုက်ထားတဲ့ပုံ

အေအေ အာဆာ ပူးပေါင်းမှု ရှိတယ်လို့ အစိုးရရဲ့ ပြောဆိုချက်

ဒါဟာ ရိုဟင်ဂျာ လက်နက်ကိုင် အာဆာ အဖွဲ့နဲ့ ရခိုင်အေအေ အဖွဲ့တို့ကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိတယ်ဆိုပြီး အစိုးရလုံခြုံရေး အာဏာပိုင်တွေဘက်က ပြောဆို လာပြန်တာ ဖြစ်ပါတယ်။

အခုနှစ်ဆန်း လွတ်လပ်ရေးနေ့မှာ အစိုးရ နယ်ခြားစောင့် ရဲစခန်း ၄ ခု ကို အေအေ အဖွဲ့ တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်း အေအေနဲ့ အာဆာ အဆက်အစပ် ရှိတယ်ဆိုတဲ့ ပြောဆိုမှုမျိုး အစိုးရဘက်က ပြုလုပ်ခဲ့ပါတယ်။

အေအေအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အာဆာအဖွဲ့နဲ့ တွေ့ဆုံခဲ့တယ် ဆိုတဲ့ သမ္မတရုံးရဲ့ ပြောဆိုခဲ့ပြီး အေအေအဖွဲ့က ငြင်းဆို ခဲ့ပါတယ်။

၂ဝ၁၈ ဇူလိုင်လထဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာမူးမြို့မှာ အာဆာနဲ့ အေအေ အဖွဲ့တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်ထဲ ဘယ်အဖွဲ့တွေက ဘယ်နယ်မြေတွေမှာ လှုပ်ရှားမလဲ ဆိုတာ ခွဲခြား သတ်မှတ်တာတွေ လုပ်ခဲ့တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေး သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့သလို အေအေပြောခွင့်ရ ခိုင်သုခက ဒီပြောဆိုမှုဟာ အခြေအမြစ်မရှိ စွပ်စွဲတာသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ကာလာဒေးဗတ်တိုက်ပွဲ

မနက်မိုးမလင်းခင် ၂ နာရီ ခွဲကျော်ကျော် အချိန်မှာပစ်ခတ်သံတွေ စကြား ခဲ့ရပြီး မနက် ၄ နာရီ ခွဲလောက် အထိ ပစ်ခတ်မှုတွေ ရှိနေခဲ့တယ်လို့ အနီးအနား အောင်သပြေ ကျေးရွာက ရွာသားတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးသံတွေလည်း ၁၁ ချက် ဝန်းကျင် ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ကျဆုံးသွားခဲ့တဲ့ ဒုရဲအုပ် စောမောင်မောင်ရဲ့ အလောင်း မောင်တောမြို့နယ် ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ပြီလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရဲဇာနည် စာမျက်နှာရဲ့ ထုတ်ပြန်ချက်အရ အေအ အာဆာ ပူးပေါင်း အဖွဲ့ အင်အား ၃ဝနဲ့ အမှတ် ၅ နယ်ခြားစောင့်တပ်က တပ်စိတ်တစ်စိတ် တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ရဲအရာရှိ တစ်ဦး ကျဆုံးကြောင်း အဲဒီ ထုတ်ပြန်ချက်ထဲ အတည်ပြုထားပြီး တပ်မတော် စစ်ကူ ရောက်လာလို့ လက်နက်ကိုင်တွေ ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

ပစ္စည်းတချို့ သိမ်းဆည်းမိတယ်ပြော

သွေးစွန်းနေတဲ့ ပြောက်ကျား ဝတ်စကုတ် တစ်ထည်နဲ့ M-22 ကျည်အိမ်တွေ၊ လက်လုပ်လက်ပစ်ဗုံး နှစ်လုံး၊ စကားပြောစက် စတာတွေနဲ့ အတူ ပစ္စည်းတချို့ ကျန်ခဲ့တယ်လို့ ရဲဇာနည်က ဓာတ်ပုံတွေ တင်ထားတာမှာ အာရ်ဗီဘာသာနဲ့ ပုံနှိပ်ထားတယ် ဆိုတဲ့ စာအုပ် တစ်အုပ်ကိုလည်း ဖော်ပြထားတာ တွေ့ရပါတယ်။

ဆုတ်သွားတဲ့ လက်နက်ကိုင်တွေနောက် လိုက်လံ ရှင်းလင်းနေတယ်လို့ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်ထဲ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့တဲ့ အခု နှစ်ပိုင်းတွေ အတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်တလျှောက် နေရာချထားတဲ့ ရဲကင်းစခန်းတွေ ပစ်မှတ်ထား ခံရလာရတာ တွေ့ရပါတယ်။

အခုတစ်ကြိမ်လည်း နယ်ခြားစောင့်တပ်က ချထားတဲ့ ကင်းပုန်းနဲ့ လက်နက်ကိုင်တွေ ထိတွေ့ တိုက်ပွဲပေါ်ပေါက်ခဲ့တာပါ။

နယ်ခြားစောင့်စခန်း
ဓာတ်ပုံ ပုံစာ, လွတ်လပ်ရေးနေ့မှာ တိုက်ခိုက်ခံခဲ့ရတဲ့ ဂုပ္ပစခန်း

ရိုဟင်ဂျာ လက်နက်ကိုင် အာဆာ အဖွဲ့က နယ်ခြားစောင့် စခန်းတွေကို ၂ဝ၁၆ အောက်တိုဘာနဲ့ ၂ဝ၁၇ ဩဂုတ်လ တွေတုန်းက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

တခါ ရခိုင်ပြည်နယ်ထဲ ခြေကုပ်ယူနိုင်ဖို့ ရခိုင် အဖွဲ့ အေအေ ကြိုးစားလာခဲ့တဲ့နောက် ၂ဝ၁၈ အတွင်း အစိုးရတပ်နဲ့ အေအေကြား ရခိုင်ပြည်နယ်ထဲ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်လာခဲ့ပြီး ၂ဝ၁၉ ဇန်နဝါရီ ၄ ရက်မှာတော့ အေအေ အဖွဲ့က နယ်ခြားစောင့် စခန်း လေးခုကို တိုက်ခိုက်ခဲ့ပါတယ်။

အခု နယ်ခြားစောင့်ကင်းနဲ့ လက်နက်ကိုင်တွေ တိုက်ပွဲ ဖြစ်ခဲ့တဲ့ တစ်ရက်တည်းမှာပဲ ရသေ့တောင်မြို့နယ်ထဲမှာလည်း မြောက်ပိုင်းအရပ်မှာ ရှိတဲ့ ကျောက်တန်းနဲ့ ရေဘုတ်ဆိုတဲ့ ရွာနှစ်ရွာကြား ပြိုင်းခေါင်း ဆိုတဲ့ နေရာမှာ အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့ အေအေတို့ကြား အချိန် အနည်းငယ် တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။