AA ကို ချေမှုန်းဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောတယ်လို့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ပြော

ဓာတ်ပုံ ရင်းမြစ်, AFP/Getty
တပ်မတော် ဘက်က ရှားရှားပါးပါး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့ တပ်မတော်နဲ့ AA ရက္ခိုင့် တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်နေတဲ့ အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘူးသီးတောင်မြို့နယ်အတွင်းက နယ်ခြားစောင့် ရဲစခန်း လေးခုကို ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ မနက်က AA အဖွဲ့ ဝင်ရောက်တိုက်ခိုက် ခဲ့ပြီးနောက် ဇန်နဝါရီလ ၇ ရက်နေ့က သမ္မတအိမ်တော်မှာ အရေးပေါ် ခေါ်ယူ ကျင်းပတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော် တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က AA အဖွဲ့ကို ပြတ်ပြတ်သားသား ချေမှုန်းဖို့ မှာကြားခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။
ရခိုင်ပြည်နယ်က ရဲကင်းစခန်း တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ AA အဖွဲ့ဟာ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သာဖြစ်ပြီး တကယ်လို့ သူတို့ကို မချေမှုန်းဘူးဆိုရင် ARSA အဖွဲ့ကို ကျတော့ ဘာသာခြား အဖွဲ့မို့ ချေမှုန်းတာလား၊ AA ကို တိုင်းရင်းသားမို့လို့ မချေမှုန်း တာလား စသဖြင့် လက်ညှိုးထိုးစရာ ဖြစ်လာနိုင်တဲ့အတွက် ပြတ်ပြတ်သားသား ချေမှုန်းဖို့ မှာကြားခဲ့တာ ဖြစ်တယ်လို့ မှာကြားရတဲ့ အကြောင်းကိုလည်း ဗိုလ်ချုပ်ထွန်းထွန်းညီက ဆက်လက် ရှင်းလင်းပြောခဲ့ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ AA အဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး မကြာခင်မှာပဲ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး တပ်အင်အား တိုးမြှင့် အသုံးပြုဖို့နဲ့ တပ်မတော်က ရဟတ်ယာဉ်တွေကို လိုအပ်သလို အသုံးပြုပြီး သောင်းကျန်းသူ တွေကို ထိထိရောက်ရောက် ရှင်းလင်း ဆောင်ရွက်ဖို့ နိုင်ငံတော် သမ္မတရုံးက ညွန်ကြားထားတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေး ကော်မတီက ပြောရေးဆိုခွင့် ရှိသူတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်ချုပ် ထွန်းထွန်းညီနဲ့ ဗိုလ်မှူးချုပ် စိုးနိုင်ဦးတို့က ၂၁၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က နေပြည်တော်မှာ ရှိတဲ့ တပ်မတော် စစ်သမိုင်း ပြတိုက်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
မြန်မာ့တပ်မတော်နဲ့ AA အဖွဲ့တို့ဟာ ၂၀၁၅ ခုနှစ်က စတင်ပြီး ရခိုင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာလို့ တပ်မတော် ဘက်က ပြောပါတယ်။
၂၀၁၅ ခုနှစ် ကနေ ၂၀၁၉ နှစ် ဇန်နဝါရီလဆန်း အထိ နှစ်ဘက် ထိတွေ့တိုက်ပွဲပေါင်း ၁၆၀ ကျော်ဖြစ်ပွား ခဲ့တယ်လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှု နောက်ပိုင်း ဇန်နဝါရီလ ၅ ရက်နေ့ ကနေ ၁၆ ရက်နေ့ အထိ နှစ်ဘက် ထိတွေ့တိုက်ပွဲ ၈ ကြိမ်နဲ့ မိုင်းဖြစ်စဉ် ၅ ကြိမ် ဖြစ်ပွာခဲ့ တယ်လို့လည်း ဆိုပါတယ်။
ထိတွေ့ တိုက်ပွဲတွေမှာ AA ဘက်က အကျအဆုံး သတင်းကို ပြောသွားခဲ့ပေမဲ့ တပ်မတော် ဘက်က အကျအဆုံး သတင်းကိုတော့ ဖြေဆိုသွားတာ မရှိခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
အခုလိုတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွား နေတဲ့အတွက် AA အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အနေအထားနဲ့ ပတ်သက်လို့တော့ AA အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေပေါ် မူတည် စဉ်းစားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မတီဥက္ကဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောပါတယ်။
နိုင်ငံတော် အစိုးရနဲ့ ပြည်သူက ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ကို ဦးတည်သွားနေတာ ဖြစ်ပြီး AA အဖွဲ့က confederate စနစ် ကိုတောင်းဆိုနေတာဖြစ်လို့ AA ရဲ့ အယူအဆက ဦးတည်ချက် လမ်းကြောင်းချင်း တခြားစီဖြစ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရခိုင်ပြည်နယ်ကို ချန်လှပ်ပြီး စစ်တိုင်း ၅ တိုင်းမှာ တပ်မတော် ဘက်က ၄ လ ကျော်ကြာအောင် တဘက်သတ် အပစ်အခတ် ရပ်ထားမယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လက ကြေညာ ခဲ့ပြီး နောက်ပိုင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကို AA က တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်လာခဲ့ ပါတယ်။








