ကရင်နီလူငယ်တွေရဲ့ ထိုင်သပိတ်စခန်း ဖျက်သိမ်းခံရပြီး လူငယ်တချို့ တရားစွဲခံရ

ဓာတ်ပုံ ရင်းမြစ်, knic
လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံအတွင်းမှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်ထုကို ကန့်ကွက်ပြီး ထိုင်သပိတ်စခန်း ဖွင့်နေတဲ့ ကရင်နီလူငယ် ၂၀ ဦးဟာ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်း လှည့်လှည်ခြင်း ဆိုင်ရာ ပုဒ်မ ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ တရားစွဲဆို ခံကြရ ပါတယ်။
"ကျွန်တော်တို့ထိုင်တဲ့ နေရာအားလုံးကို ပြည်နယ်အစိုးရက ဘလော့ထားတယ်။ ကျွန်တော်တို့ ထိုင်မယ့်ထင်တဲ့ နေရာအားလုံးမှာလည်း ဒေသန္တရအမိန့် ထုတ်ထားတော့ ဝင်ခွင့် မရှိတော့ဘူး။ ကျွန်တော်တို့ကို တရားစွဲမယ် ရဲစခန်းကို လာခဲ့ပါလို့ ခေါ်ချိန်မှာပဲ နောက်ပိုင်းမှာ ကျန်ခဲ့တဲ့သူတွေရော အလံတွေရော ဗွီနိုင်းတွေရော ဖြုတ်ပြီး အဓမ္မခေါ်သွားခံရတာ" လို့ ကန့်ကွက်ရာမှာ ပါဝင်တဲ့ ကရင်နီလူငယ် ကိုခွန်းသောမတ်စ်က ပြောပါတယ်။
ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ တရားစွဲခံရသူထဲက လူငယ် ၃ ဦးဟာ ဗိုလ်ချုပ် ကြေးရုပ်ထု မထားရှိရေး လှုပ်ရှားမှုကြောင့် ပုဒ်မ ၅၀၅ (ခ) နဲ့ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ လူငယ် ၂၀ ဦး လုံးကို ကိုယ်ပိုင် ခံဝန်ချက်နဲ့ အာမခံပေး ထားတယ်လို့ ကိုခွန်းသောမတ်စ်က ဆိုပါတယ်။
ကရင်နီ လူငယ်တွေနဲ့ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက ပြည်နယ်အုပ်ချုပ်သူတွေက တဖက်လှည့်နဲ့ လုပ်ပိုင်ခွင့် အာဏာသုံးပြီး ဇန်နဝါရီလ ၃၁ ရက် ညနေပိုင်းက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုကို ပန်ခြံထဲ လာစိုက်ထူတယ်လို့ ကရင်နီ လူငယ်တွေက ပြောဆို ကန့်ကွက်ခဲ့ကြတာပါ။
ဗိုလ်ချုပ်ကြေးရုပ်တုကို ပန်းခြံအတွင်း စိုက်ထူတာဟာ ပြည်နယ်အစိုးရရဲ့ အစီအစဉ် မဟုတ်ဘဲ လူမှုရေး အသင်းအဖွဲ့ အစီအစဉ်နဲ့ စိုက်ထူတာလို့ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်မိုးက ပြောပါတယ်။
ကရင်နီ လူငယ်တွေကတော့ အာဏာပိုင်တွေရဲ့ သဘောတူ ခွင့်ပြုမှု မရဘဲ လူမှုရေးအသင်းအဖွဲ့တွေက အများပြည်သူ ပန်ခြံထဲကို ကြေးရုပ်တု မစိုက်ထူနိုင်ဘူးလို့ ဆိုပါတယ်။
ဒါ့ကြောင့် ဗိုလ်ချုပ်ကြေးရုပ်ထု ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး ကရင်နီ လူငယ်တွေက ပြည်နယ်အစိုးရကို အချက် ၃ ချက် တောင်းဆိုထားပါတယ်။
- ကြေးရုပ်ထုကို အပြီးသတ် ဖျက်သိမ်းပေးရေး၊
- မဖြစ်မနေ ရုပ်ထုတည်မယ်ဆိုရင် ဒေသခံလူထုရဲ့ ဆန္ဒသဘောထားကို မဲပုံးထောင် ကောက်ယူပြီးမှ လုပ်ဆောင်ရေး
- ပြည်နယ်အစိုးရ ဖြစ်စေ၊ NLD ပါတီဝင်တွေ ဖြစ်စေ၊ လူမှုရေးအသင်းအဖွဲ့တွေ ဖြစ်စေ၊ ရုပ်ထုကို မဖြစ်မနေ စိုက်ထူမယ် ဆိုရင် အများပြည်သူ အပန်းဖြေတဲ့ နေရာမှာ မလုပ်ဘဲ အစိုးရအဖွဲ့၊ ပါတီတွေနဲ့ သက်ဆိုင်တဲ့ နေရာမှာသာ ထားရှိရေး စတဲ့ ချက်တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, knic
လွိုင်ကော်မြို့မှာ ၂၀၁၇ ခုနှစ် ကတည်းက ဗိုလ်ချုပ်ကြေးရုပ် ထားရှိဖို့ လုပ်ဆောင်နေတာကို ကရင်နီ လက်နက်ကိုင်အဖွဲ့၊ ကရင်နီ ပါတီ၊ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ အပါအဝင် ကရင်နီလူငယ် အရပ်ဘက် အဖွဲ့အစည်း ၂ဝ လောက်က ကန့်ကွက် ခဲ့ကြတာပါ။
ကယားပြည်နယ် ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့နဲ့ ကရင်နီ လူငယ်တွေ ၄ ကြိမ်တိုင် တွေ့ဆုံခဲ့ပေမယ့် ပြေလည်မှု မရခဲ့ပါဘူး။
ဗိုလ်ချုပ်ကြေးရုပ် မထားရှိရေးနဲ့ ကရင်နီသမိုင်းမှန်ပါတဲ့ စာရွက်ဖြန့်ဝေခဲ့လို့ဆိုပြီး ပြည်နယ်အစိုးရက ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆို ထားတဲ့ ကရင်နီလူငယ် ၉ ဦး ၊ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉၊ ၂၀ နဲ့ တရားစွဲဆို ထားရတဲ့ ကရင်နီလူငယ် ၁၃ ဦးဟာ လက်ရှိ အချိန်ထိ အမှုရင်ဆိုင်နေကြ ရပါတယ်။
သူတို့ကတော့ ပြည်နယ်ရဲ့သမိုင်းမှန်တွေ မပျောက်စေဖို့နဲ့ ကရင်နီတိုင်းရင်းသားတွေရဲ့ အနာဂတ်ရှေ့ရေး အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ရုပ်ထုတည်ဆောက်တဲ့ လုပ်ငန်းမှာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ထားသလို ဒေသ ဌာနေ တိုင်းရင်းသားတွေရဲ့ သဘောထားကို လျစ်လျုရှု လုပ်ဆောင်တယ်ဆိုပြီး နိုင်ငံတော် သမ္မတထံ ဒီကနေ့ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာကို ကရင်နီလူငယ်ထုက ပေးပို့ထားပါတယ်။








