ဖေ့စ်ဘွတ်အပါအဝင် အွန်လိုင်းသုံးစွဲသူတွေရဲ့ကိုယ်ရေးအချက်အလက်ကို ဥပဒေနဲ့ကာကွယ် ပေးဖို့စီစဉ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖေ့စ်ဘွတ်၊ တွစ်တာ လူမှုကွန်ရက် သုံးတဲ့လူတွေအပါအဝင် အွန်လိုင်းဝန်ဆောင်မှု သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ဥပဒေအရကာကွယ်ပေးနိုင်ဖို့ကို ဆိုက်ဘာဥပဒေကြမ်းထဲမှာ ထည့်သွင်းသွားဖို့လိုတယ်လို့ ဆယ်သွယ်ရေးဝန်ကြီး ဌာနက တိုက်တွန်းထား ပါတယ်။
ဒီလိုကာကွယ်ပေးနိုင်ဖို့ကို ရေးဆွဲနေဆဲဖြစ်တဲ့ ဆိုက်ဘာဥပဒေမူကြမ်းထဲမှာ မူဝါဒ တစ်ခုအနေနဲ့ ထည့်သွင်းသွားဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ အမျိုးသား ဆိုင်ရာဆိုက်ဘာလုံခြုံရေးဗဟိုဌာနရဲ့ ညွှန်မှူး ဦးရဲနိုင်မိုး က ပြောပါတယ်။
'' ဆိုရှယ်မီဒီယာတစ်ခုတည်းတင်မကပါဘူး။ အွန်လိုင်းနဲ့ဆက်စပ်တဲ့ တခြား အပလီကေးရှင်းတွေ ဝန်ဆောင်မှုတွေက ကိုယ်ရေးအချက်အလက်တွေကိုပါ ကာကွယ်ပေးဖို့ ရည်ရွယ်ပြီးတော့ ထည့်သွင်း သွားဖို့ ပြင်ဆင်နေပါတယ်။'' လို့ ဦးရဲနိုင်မိုးကပြောပါတယ်။
ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေအပါအဝင်ကိုယ်ရေးအချက်အလက်တွေကို ထည့်သွင်းပြီးမှ အသုံးပြုနိုင်မယ့် အွန်လိုင်းဝန်ဆောင်မှုတွေမှာ ကိုယ်ရေးအချက်အလက်ပေါက်ကြားမှုမရှိစေဖို့ ဥပဒေပိုင်းဆိုင်ရာအရ တားဆီးကာကွယ်ပေးဖို့လုပ်ဆောင်နေတာဖြစ်ပါတယ်။
လက်ရှိမှာလည်း လူမှုကွန်ရက်စာမျက်နှာကတဆင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို ထိပါးစေတဲ့အပြုအမူအပါအဝင် လူငယ်တွေအကျင့်စာရိတ္တပျက်ပြားစေတာ ဒါမှမဟုတ် ရပ်ရွာတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေတဲ့လုံ့ဆော်မှုတွေကို တားဆီး ထိန်းချုပ်နိုင်ဖို့အတွက်ကိုလည်း ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုရှယ်မီဒီယာ ဝန်ဆောင်မှု ကုမ္မဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်။
နည်းပညာပိုင်းနဲ့ ထိန်းချုပ်ဖို့ ဖေ့စ်ဘွတ်ကုမ္ပဏီဘက်က လုပ်ဆောင်နေပေမဲ့ ဥပဒေနည်းလမ်းနဲ့ ထိန်းချုပ်ဖို့ကလည်း အရေးကြီးတယ်လို့ ဆယ်သွယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ က ဘီဘီစီကို ပြောပါတယ်။
"ပိုပြီးတော့ မှန်မှန်ကန်ကန် သုံးတတ်အောင် ပညာပေးတာလည်းလုပ်မယ်၊ ဥပဒေနဲ့ထိန်းကျောင်းတာလည်းလုပ်မယ်၊ ဖေ့စ်ဘွတ်ဆိုလည်း ဘာတွေဆို မလုပ်လို့ရဘူး၊ လုပ်လို့ရတယ်ဆိုတာရှိပြီးသား၊ ဒါပေမယ့် တော်တော်များများက မသိကြဘူး၊ ပညာပေးလို့ရတဲ့ ဟာပေးမယ်၊ ပညာပေးလို့မရတဲ့ ဟာကျတော့လည်း ဥပဒေနဲ့ထိန်းချုပ်ရမှာပေါ့" လို့ ဦးမျိုးဆွေက ဆိုပါတယ်။
ဆိုရှယ်မီဒီယာသုံးစွဲသူတွေကို တည်ဆဲဥပဒေတွေနဲ့ ထိန်းချုပ်ဟန့်တားနိုင်မှုဟာ လက်ရှိမှာ ထိထိရောက်ရောက်မရှိတဲ့အတွက် ဒီမူဝါဒတွေသာ ဆိုက်ဘာဥပဒေမူကြမ်းနဲ့အတူ အတည်ဖြစ်သွားရင် ဆိုက်ဘာရာဇဝတ်မှုတွေကိုလည်း ကာကွယ်နိုင်ဖို့ အထောက်အကူဖြစ်လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။








