စစ်တပ်ဝါဒဖြန့်ချိမှုနဲ့ ဆက်စပ်တယ် ဆိုပြီး အကောင့်နဲ့ စာမျက်နှာတချို့ ဖေ့စ်ဘုတ်က ထပ်ပိတ်

မြန်မာ့တပ်မတော်နဲ့ ဆက်နွယ်ပြီး အစစ်အမှန် မဟုတ်တဲ့ အကောင့် ၁၀ ခုနဲ့ စာမျက်နှာ ၁၃ ခုကို ဖေ့စ်ဘုတ်ကနေ အပြီးတိုင်ဖယ်ရှားလိုက်ပြီလို့ အောက်တိုဘာ ၁၅ ရက်က ဖေ့စ်ဘွတ်က တရားဝင် သတင်းထုတ်ပြန် လိုက်ပါတယ်။
ဒါဟာ တလ ကျော် အတွင်းမှာ မြန်မာ စစ်တပ်နဲ့ ဆက်စပ်တဲ့ ဖေ့စ်ဘုတ်အကောင့်တွေ ဒုတိယ မြောက် ပိတ်သိမ်းခံရတာ ဖြစ်ပါတယ်။
အခု ဖယ်ရှားလိုက်တဲ့ စာမျက်နှာတွေဟာ အပြင်ပန်းအားဖြင့် အလှအပရေးရာ၊ ဖျော်ဖြေရေးနဲ့ သတင်း အချက် အလက်မျှဝေတဲ့ စာမျက်နှာတွေအဖြစ် ပုံဖော်ထားပေမယ့် စစ်တပ်နဲ့ဆက်နွယ် မှုရှိနေတာကို စုံစမ်းသိရှိခဲ့ရတဲ့အတွက် ဖယ်ရှားခဲ့ရတာဖြစ်တယ်လို့ ဖေ့စ်ဘုတ်က ပြောပါတယ်။
ကျော်ကြားတဲ့အနုပညာရှင်တွေနဲ့ ဖျော်ဖြေရေးအကောင့်တွေကို အသုံးပြုပြီး တပ်မတော်ရဲ့ ဝါဒဖြန့်ချိရေးမှာ အသုံးနေတယ်လို့ ယူးယောက်တိုင်းမ်သတင်းစာ ဖော်ထုတ်ရေးသားခဲ့တာကလည်း အခု အရေးယူမှုအတွက် အထောက်အကူ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
' ' အခုပိတ်လိုက်တဲ့အကောင့်တွေက အမုန်းတရားတွေဘယ်လောက်အထိဖြန့်ဝေနေသလဲ ဘယ်လို အကောင့် တွေကိုပိတ်လိုက်တာလဲဆိုတာ ကျွန်တော်တို့မသိဘူး။ ဖေ့စ်ဘုတ်အနေနဲ့ မြန်မာမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးတာမျိုးလည်းမရှိဘူး။ ပြီးခဲ့တဲ့ အခေါက်က ပိတ်လိုက်တဲ့ အကောင့်တွေ စာမျက်နှာတွေတုန်းကလည်း အကုန်လုံးက အမုန်းတရားဖြန့်ချိ နေတာတွေ မဟုတ်ဘူး။ UN က အစီရင်ခံစာ ထွက်လာပြီး ပြီးချင်းမှာလုပ်လိုက်တာ။ မြန်မာ ဝန်ထမ်းတွေခန့်ပြီး အဖွဲ့နဲ့ စိစစ်တာတွေလုပ်နေတယ်လို့ သိရတယ်။ဒါကလည်း လူတွေဖြစ်တဲ့အတွက် ဘက်လိုက်မှုတွေရှိနိုင်တယ်။ အခုလို ဖြုတ်ချတာထက် အဓိကက အမုန်းတရားဖြန့်ချိတာတွေကို သေချာစိစစ်၊ မြန်မာ အရပ်ဘက် နဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်သင့်တယ်'' လို့ ဖေ့စ်ဘုတ်ကနေ အကောင့်တွေ စာမျက်နှာတွေကို ဖြုတ်ချဖျက်သိမ်းတဲ့အပေါ် မြန်မာအိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအတွက် MIDO အဖွဲ့ကို တည်ထောင်ခဲ့တဲ့ ဘလော့ဂါတဦးလည်းဖြစ် လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ကိုနေဘုန်းလတ်က သူ့ရဲ့အမြင်ကို ပြောပြပါတယ်။
ပိတ်ခံရတဲ့ စာမျက်နှာ ၁၃ ခုမှာ နောက်လိုက်ပရိသတ် အရေအတွက် ၁ ဒသမ ၃၅ သန်းကျော်ရှိပြီး စစ်သားဓာတ်ပုံများစုစည်းမှု၊ ဆရာမလေးများ၊ မိုးနတ်မင်း ဆိုတဲ့စာမျက်နှာတွေ ပါဝင်တယ်လို့လည်းသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဖေ့စ်ဘုတ်အနေနဲ့ အခုလို အမုန်းစကားတွေကို ဝါဒဖြန့်ချိနေလို့ဆိုပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ရက်ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော် သတင်းဌာန မြဝတီ အပါအဝင် စာမျက်နှာ ၅၂ ခုနဲ့ အကောင့် ၁၈ ခုကိုလည်း ဖေ့စ်ဘုတ်ကနေ အပြီးတိုင်ဖယ်ရှားခဲ့ပါသေးတယ်
မြန်မာနိုင်ငံရဲ့ ဖေ့စ်ဘုတ်ပေါ်က ဆိုးရွားတဲ့ အပြုအမူလုပ်ဆောင်ချက်တွေနဲ့ အဲဒီလို ဆောင်ရွက်နေသူကို ဖယ်ရှား သွားဖို့က အရေးကြီးတဲ့ လုပ်ငန်းစဉ် ဖြစ်တယ်လို့ ဖေ့စ်ဘုတ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဖေ့စ်ဘွတ် လူမှုကွန်ရက် ပလက်ဖောင်း ကို တလွဲ အသုံးချနေသူ အတွက် အတွက် ခက်ခဲအောင် ဆောင်ရွက်ဖို့ ဖေ့စ်ဘွတ်က ဦးစားပေး ဆောင်ရွက်ပြီး နောင်မှာလည်း အလားတူ စုံစမ်းဖော်ထုတ် အရေးယူဖို့ ရှိတယ်လို့ ဆိုထားပါတယ်။









