ဖွံ့ဖြိုးရေးအကူအညီတွေနဲ့ ရောက်လာခဲ့တဲ့ အိန္ဒိယသမ္မတခရီးစဉ်

အိန္ဒိယသမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

ဓာတ်ပုံ ရင်းမြစ်, Thet Aung (AFP- Pool)

ဓာတ်ပုံ ပုံစာ, အိန္ဒိယသမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

အိန္ဒိယသမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် ဟာ ၅ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၂ နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ရေး၊ သိပ္ပံနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နေရပ်စွန့်ခွာသူတွေအတွက် အိမ်ယာဆောက်လုပ်ပေးမယ်ဆိုပြီတော့ ကတိတဝတ်တွေ ပေးခဲ့ပါတယ်။

၂ နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရာမှာတော့ နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေပေးဖို့အပါအ၀င် တရားသူကြီးနဲ့ တရားရေးဝန်ထမ်းတွေကို စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းတွေပေးဖို့ကို သဘောတူခဲ့ပါတယ်။

'အိုင်တီကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယက အရင်ကလည်း ကူခဲ့ဖူးတယ်၊ နည်းပညာပိုင်း အကူအညီတွေ ထပ်ရမယ်ဆို အကျိုးရှိပါတယ်၊ ဒါပေမယ့် လောလောဆယ် ပြည်တွင်းမှာ တကယ်တမ်းလိုနေတာက တရားရေးကဏ္ဍဖြစ်တယ်၊ အိန္ဒိယကလည်း အကွဲကွဲအပြားပြားနဲ့ ဇာတ်နိမ့် ဇာတ်မြင့်တွေ အများကြီးရှိနေတော့ သူတို့နိုင်ငံက တရားစီရင်ရေးအကြောင်း သင်တန်းတွေရမယ်ဆို အထောက်အကူရမယ်လို့ မျှော်လင့်ပါတယ်' လို့ စီးပွားရေးပညာရှင် ဦးလှမောင်က ပြောပါတယ်။

အိန္ဒိယသမ္မတနဲ့ သမ္မတဦဝင်းမြင့် တွေ့ဆုံစဉ်

ဓာတ်ပုံ ရင်းမြစ်, Thet Aung (AFP- Pool)

ဓာတ်ပုံ ပုံစာ, အိန္ဒိယသမ္မတနဲ့ သမ္မတဦဝင်းမြင့် တွေ့ဆုံစဉ်

အိန္ဒိယသမ္မတဟာ ခရီးစဉ်အတွင်း သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စတဲ့ အစိုးရ ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ခဲ့ပြီးတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အိန္ဒိယက ထောက်ခံပြီး အကူအညီတွေ ဆက်ပေးဖို့တွေအရေး ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံစဉ်မှာလည်း ' ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စီးပွားရေးပြန်လည်ကောင်းမွန်ဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဖက်က ရပ်တည်တယ်' ဆိုပြီးတော့လည်း အိန္ဒိယသမ္မတ ကိုဗင့်ဒ်က ပြောခဲ့ပါတယ်။

စီးပွားရေးပညာရှင် ဦးလှမောင် ကတော့ 'ကျွန်တော်တို့ အကူအညီ လိုအပ်နေပြီဆိုတဲ့ အချိန်ကို အိန္ဒိယက သိတယ်လေ၊ ဒါကလည်း စည်းရုံးရေးတစ်ခုပေါ့၊ မြန်မာနိုင်ငံကလည်း ရခိုင်ကိစ္စကြောင့် နိုင်ငံတကာဖိအားကြုံနေရချိန်မှာ လောလောဆယ် သူတို့ကို အားကိုးရမယ့် အနေအထားရှိတယ်' လို့ ပြောပါတယ်။

တကယ်တော့ အိန္ဒိယဟာ မြန်မာနိုင်ငံထဲက ပဲဝယ်ယူမှုပဲ အများဆုံးရှိတာဖြစ်ပြီး တခြား ကုန်သွယ်မှုတွေကတော့ သိပ်မရှိလှပါဘူး၊ မြန်မာနိုင်ငံဖက်ကတော့ ဆေးဝါးပစ္စည်းတွေ၊ ကွမ်းယာဆေးလို တခြားကုန်တွေ အများအပြား ဝယ်ယူနေပြီး နယ်စပ်ကုန်သွယ်ရေးမှာဆိုရင်လည်း တမူးလမ်းကြောင်းကနေ အိန္ဒိယကုန်ပစ္စည်းအများစုဟာ မြန်မာနိုင်ငံထဲကို ရောက်လာနေတာပါ။

အိန္ဒိယကတော့ စိုက်ပျိုး မွေးမြူရေးကဏ္ဍတွေမှာ အကူအညီပေးဖို့၊ မြန်မာနိုင်ငံဖက်က ပဲမျိုးစုံ သီးသန့် (ကိုတာ) တင်ပို့နိုင်ရေးခွင့်ပြုဖို့တွေ ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တွေကို ဒီဇင်ဘာလ ၁၃ ရက်နေ့ကစလို့ ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးမယ်ဆိုပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယသမ္မတနဲ့ ဇနီးဟာ ရန်ကုန်မှာရှိတဲ့ ရှရီ ကာလီ ဟိန္ဒူဘုရားကျောင်းနဲ့ မဂိုဘုရင် ဗဟာဒူး ဇဖါရ်ရှားရဲ့ ဂူဗိမာန်ကို သွားရောက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အိန္ဒိယသမ္မတနဲ့ ဇနီးဟာ ရန်ကုန်မှာရှိတဲ့ ရှရီ ကာလီ ဟိန္ဒူဘုရားကျောင်းနဲ့ မဂိုဘုရင် ဗဟာဒူး ဇဖါရ်ရှားရဲ့ ဂူဗိမာန်ကို သွားရောက်ခဲ့

အခု အိန္ဒိယသမ္မတ ခရီးစဉ်မှာတော့ ရင်းနှီးမြုပ်နှံမှုစီမံကိန်းသစ်တွေ အကြေင်း ပြောတာမရှိပေမယ့် အိန္ဒိယကနေ ချင်းပြည်နယ်၊ ပလက်ဝနဲ့ ရခိုင်ပြည်နယ်၊ စစ်တွေအထိ ဆက်သွယ်ပေးမယ့် ဆောင်ရွက်နေဆဲ ကုလားတန်မြစ် စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဖို့ကို အိန္ဒိယဖက်က အလေးအနက်ထား ပြောတာတွေ ရှိခဲ့ပါတယ်။

စီးပွားရေးပညာရှင် ဦးလှမောင်ကတော့ နိုင်ငံကြီးတွေကလာတဲ့ ရင်းနှီးမြုပ်နှံမှု စီမံကိန်းတိုင်းကို လုပ်ထုံးလုပ်နည်းတွေ အတိအကျနဲ့ ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။

'ကျွန်တော့်အမြင် စီမံကိန်းဆိုတာ နိုင်ငံခြားက သူတို့အကျိုးမရှိဘဲနဲ့တော့ လာမလုပ်ဘူးပေါ့၊ ကျွန်တော်တို့က တရုတ်ကြီးနဲ့က အရမ်းနီးကပ်တော့ အိမ်နီးချင်း အိန္ဒိယနဲ့ ဆက်ဆံရေးကလည်း ကျန်ခဲ့လို့ မဖြစ်ဘူးလေ၊ စီမံကိန်းတွေလုပ်ရာမှာလည်း အစကည်းက သေချာတိကျ စိစစ်ဖို့လိုပြီး နောက်မှ ပြန်ပြီး လိုက်ရတာတို့၊ ကော်မရှင်ဖွဲ့ပြီး စစ်ရတာတို့၊ မဖြစ်အောင် အစကတည်းက သေချာပိုင်မှ လုပ်ပါ' ဆိုပြီးတော့ ပြောပါတယ်။

လက်ရှိ အန်န်အယ်လ်ဒီအစိုးရလက်ထက်မှာ အိန္ဒိယနဲ့ မြန်မာအစိုးရကြား ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးရှိလာခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာလည်း ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေနဲ့ နိုင်ငံတကာဖိအားတွေ ရင်ဆိုင်နေရချိန်မှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ဖူးပါတယ်။

အခုတကြိမ် အိန္ဒိယသမ္မတဟာလည်း ဒေသ ဖွံဖြိုးရေးကူညီမှုတွေ တပွေ့တပိုက်နဲ့ မြန်မာနိုင်ငံကို ရောက်လာခဲ့ပါတယ်။

' မြန်မာနိုင်ငံအစိုးရအနေနဲ့တော့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးအေးလာနေချိန်မှာ အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေနဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေး ထူထောင်တာဖြစ်တယ်' ဆိုပြီး နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်နေကြပါတယ်။