မြန်မာပြည်ခရီး ဝေဖန်မှုတွေကို တွစ်တာ CEO တုံ့ပြန်

ဓာတ်ပုံ ရင်းမြစ်, Reuters
အွန်လိုင်းလူမှုကွန်ရက် တွစ်တာ (Twitter) ရဲ့ အမှုဆောင်အရာရှိချုပ် (CEO) ဂျက်ဒေါ်စီဟာ နိုဝင်ဘာလတုန်းက သွားရောက်ခဲ့တဲ့ မြန်မာပြည်ခရီးစဉ် အကြောင်း သူ့ရဲ့ တွစ်တာ အကောင့်မှာ ရေးသားခဲ့တာတွေနဲ့ ပတ်သက်ပြီး ဝေဖန်ခံခဲ့ရတာတွေကို ပြန်လည် တုံ့ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ သိထားပေမယ့် အဲဒီကို သွားရောက် လည်ပတ်ကာ လူတွေနဲ့ စကားပြောဆို၊ တရားအားထုတ် တာတွေက ဒါတွေကို ထောက်ခံတာမျိုး မဟုတ်ဘူး ဆိုပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့ (နိုဝင်ဘာ ၁၁) က သူ့ရဲ့တွစ်တာ ကွန်ရက်မှာ ပြန်လည် ဖြေရှင်းထားပါတယ်။
မြန်မာပြည် အကြောင်း တင်ထားတဲ့ သူ့ရဲ့ အရင်က တွစ်တာပို့စ်တွေမှာ လူ့အခွင့်အရေး ကိစ္စ ဖော်ပြမထားတာက ပြဿနာကို သေးသိမ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။ ဒါပေမယ့် ဒီအကြောင်းတွေကို ပြည့်ပြည်စုံစုံ မသိသေးလို့ ပိုပြီး လေ့လာဖို့ လိုသေးတယ်လို့လည်း ဝန်ခံထားပါတယ်။
မြန်မာပြည်ခရီးစဉ်က ပုဂ္ဂလိက ခရီးစဉ် သက်သက်ဖြစ်ပြီးတော့ တရားအားထုတ်ဖို့ သက်သက်အတွက် အာရုံပြုခဲ့တယ်လို့လည်း သူ့ရဲ့ တွစ်တာပို့စ်မှာ ရှင်းပြခဲ့ပါတယ်။
အောင်မြင်တဲ့ အင်တာနက်လူမှု ကွန်ရက် တွစ်တာကို ပူးတွဲ တည်ထောင်သူလည်း ဖြစ်တဲ့ အသက် ၄၂ နှစ် အရွယ် ဂျက်ဒေါ်စီဟာ နိုဝင်ဘာလတုန်းက မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့ပြီး ပြင်ဦးလွင်မြို့မှာ ဝိပဿနာ ၁၀ ရက်တရား စခန်း ဝင်ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ အဲဒီခရီးစဉ် အတွေ့အကြုံတွေကို သူ့ရဲ့ တွစ်တာမှာ ပို့စ်ဒါဇင်နဲ့ချီ ရေးသားပြီး ပြန်လည် မျှဝေခဲ့ပါတယ်။
အဲဒီလို ဝိပဿနာ တရားအားထုတ်မှု အကြောင်း ရှင်းပြရင်းနဲ့ သူ့ရဲ့ ရန်ကုန်၊ မန္တလေးနဲ့ ပုဂံ ခရီးစဉ်တွေ အကြောင်းကိုလည်း တွစ်တာက သူ့ အကောင့်ကို အားပေးသူ ပရိသတ် ၄ သန်းကို ပြောပြခဲ့ပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံက လှပပြီး နိုင်ငံသူ နိုင်ငံသားတွေကလည်း ပျော်ရွင်နေကြသလို အစားအသောက်ကလည်း ကောင်းမွန်လို့ မြန်မာပြည်ကို သွားရောက်လည်ပတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီပို့စ်တွေက နိုင်ငံတကာမှာ လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက်တွေ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံအတွက် အခမဲ့ ကြော်ငြာပေးသလို ဖြစ်နေတယ်လို့ နိုင်ငံတကာက အွန်လိုင်းသုံးစွဲသူတချို့က ပြစ်တင် ဝေဖန်ခဲ့တာတွေလည်း ပြီးခဲ့တဲ့ ရက်တွေထဲမှာ ဖြစ်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လထဲမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရဲကင်းစခန်းတချို့ကို အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေ အပြီး တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုပြီး စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တာပါ။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ တန်ပြန် စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရပါတယ်။ စစ်ဆင်ရေးတွေအတွင်းမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂကလည်း စွပ်စွဲ ပြောဆိုထားပါတယ်။
ဒါပေမယ့် မြန်မာ တပ်မတော်နဲ့ အစိုးရ အဖွဲ့ကတော့ ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေကို အားလုံး ပယ်ချထားပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းကွန်ရက်ပေါ်မှာ ရခိုင်မြောက်ပိုင်းက ပဋိပက္ခတွေ အပါအဝင် လူမျိုးရေး၊ ဘာသာရေး ဆက်စပ် အမုန်းတရား ပြောဆိုမှုတွေကို နိုင်နိုင်နင်းနင်း မကိုင်တွယ် မဆောင်ရွက်နိုင်ခဲ့ဘူးလို့ မြန်မာပြည်မှာ လူသုံးများတဲ့ ဖေ့စ်ဘွတ်ခ် (Facebook) လူမှုကွန်ရက်က အခုနှစ်ထဲမှာပဲ အစီရင်ခံစာ ထုတ် ဝန်ခံထားပါတယ်။
တွစ်တာ လူမှုကွန်ရက်ရဲ့ အမှုဆောင်အရာရှိချုပ် ဂျက်ဒေါ်စီရဲ့အင်္ဂါနေ့က ပြန်လည် ဖြေရှင်းချက်မှာလည်း အွန်လိုင်းပေါ်က အစွန်းရောက်မှုနဲ့ အမုန်းတရားတွေ ပျံ့နှံ့ တွေကို တွစ်တာအနေနဲ့ တက်တက်ကြွကြွနဲ့ အရေးယူ ဆောင်ရွက်နေပြီး ဒေသတွင်းက အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။
တွစ်တာအနေနဲ့ အကောင်းဆုံး ဖြစ်နိုင်ဖို့ လူအများရဲ့ အကြံပြုချက်တွေကို လည်း အမြဲတမ်း တံခါးဖွင့် ကြိုဆိုနေတယ်လို့ ပြောထားပါတယ်။
ဒီတုံ့ပြန်ချက်နဲ့ ပတ်သက်ပြီး မစ္စတာ ဒေါ်စီကို ဘီဘီစီမြန်မာပိုင်းက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အခု လောလောဆယ် ဆက်သွယ်လို့ မရသေးပါဘူး။









