အိုအိုင်စီနဲ့ အီးယူ တင်တဲ့ ရိုဟင်ဂျာအရေး အများစုပါတဲ့ ဆုံးဖြတ်ချက် ကုလအတည်ပြု

ကုလသမဂ္ဂ အထွေထွေညီလာခံ မြန်မာ လူ့အခွင့်အရေး၊ ရိုဟင်ဂျာ ရခိုင်

ဓာတ်ပုံ ရင်းမြစ်, MOFA

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ (၇၃) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ လူမှုရေး၊ လူသားချင်းစာနာမှုနဲ့ ယဉ်ကျေးမှု ဆိုင်ရာ တတိယကော်မတီက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းကို နိုဝင်ဘာလ ၁၆ ရက်နေ့က အတည်ပြုခဲ့ကြ ပါတယ်။

ဒီဆုံးဖြတ်ချက် မူကြမ်းကို အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) နှင့် ဥရောပသမဂ္ဂ (အီးယူ) တို့က ပူးတွဲ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက် မူကြမ်းဟာ တစ်ဖက်သတ်ကျပြီးဘက်လိုက်တယ်၊ အပြုသဘောမဆောင်ဘူး၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး ဖြစ်ပေါ် တိုးတက်မှုတွေကို လျစ်လျူရှုတယ် ဆိုပြီး မဲမခွဲခင် ကတည်းက မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ကန့်ကွက်ခဲ့သလို မဲခွဲ ဆုံးဖြတ်ပြီးတဲ့နောက်မှာလည်း ကန့်ကွက် တုံ့ပြန်ခဲ့ပါတယ်။

ဒီလို နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် လူ့အခွင့်အရေးအခြေအနေ ဆုံးဖြတ်ချက်တွေ တင်သွင်းတာဟာ အဲဒီနိုင်ငံတွေကို ရွေးပြီး ဖိအားပေးဖို့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်တာလို့ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ မြန်မာ လူ့အခွင့်အရေး၊ ရိုဟင်ဂျာ ရခိုင်

ဓာတ်ပုံ ရင်းမြစ်, MOFA

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း

ဆုံးဖြတ်ချက်မူကြမ်းပါ အချက်အများစုဟာ ရခိုင်ပြည်နယ်က မွတ်စလင်များရဲ့ အခွင့်အရေးတွေကိုပဲ အသားပေးထားပြီး၊ အထောက်အထားမခိုင်လုံတဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ ရဲ့ အစီရင်ခံစာပါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပဲ ဖော်ပြထားတယ်၊ရခိုင်ပြည်နယ် အရေး အဖြေရှာဖို့ မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုတွေကို ဖေါ်ပြတာ မတွေ့ရဘူး၊ နောက်ပြီး အခုလို လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်စေခဲ့ရတဲ့ အကြောင်းရင်းခံ အာဆာ (Arakan Rohingya Salvation Army- ARSA)အဖွဲ့ရဲ့ အန္တရာယ်ကို ရည်ရွယ်ချက် ရှိရှိနဲ့ မသိကျိုးကျွံ ပြုထားတယ်လို့ လည်း ဆိုပါတယ်။

အခု ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာဟာလည်း ပကတိဖြစ်နေတဲ့ အခြေအနေမှန်၊ ကြောင်းကျိုး ညီညွတ်မှုထက် အုပ်စုလိုက် အနိုင်ကျင့်တဲ့ သဘော ဖြစ်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က ဘင်္ဂါလီ မွတ်စလင်တွေရဲ့ ပြဿနာကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ ဖြေရှင်းနေတာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ ဖိအား ပေးတာ သက်သက်ဆိုတာ ထင်ရှားနေတဲ့ အတွက် ဘာမှ ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ သူ့ရဲ့ မိန့်ခွန်းထဲမှာ ထောက်ပြပြောကြားခဲ့တယ်လို့ ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှု အားလုံးကို အထွေထွေညီလာခံက ရှုတ်ချဖို့၊ ရိုဟင်ဂျာ မွတ်စလင်တွေ အပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို စုံးစမ်းဖေါ်ထုတ်အရေးယူနိုင်ရေး၊ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု တရပ်လုပ်ဖို့ စတာတွေပါဝင်တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ဒီဆုံးဖြတ်ချက်ပါ လုပ်ငန်းစဉ်တွေကို တွန်းအားပေး ဆောင်ရွက်ဖို့ကိုလည်း ဆုံးဖြတ်ချက်ထဲမှာ တိုက်တွန်းထား ပါတယ်။

အခု တတိယကော်မီတီက အတည်ပြုခဲ့တဲ့ ဒီဆုံးဖြတ်ချက်ကို ဒီဇင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးမှာ ထပ် အတည်ပြုရမှာ ဖြစ်ပါတယ်။

အခုဆုံးဖြတ်ချက်မူကြမ်းကို နိုင်ငံပေါင်း နိုင်ငံပေါင်း ၁၄၂ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြပြီး မြန်မာ၊ တရုတ်၊ ရုရှ၊ ဖိလိပိုင်၊ ကမ္ဘောဒီးယား၊ လာအို၊ဗီယက်နမ်၊ ဘေလာရွတ်စ်၊ ဘရွန်ဒီနဲ့ ဇင်ဘာဘွေ စတဲ့ ၁၀ နိုင်ငံက ကန့်ကွက်ခဲ့ကြ ပါတယ်။