ရခိုင်ပြည်နယ် အခြေအနေ တိုးတက်အောင်လုပ်ဖို့ ကုလသမဂ္ဂ တိုက်တွန်း

ရိုဟင်ဂျာ
ဓာတ်ပုံ ပုံစာ, အရင်ရွာနေရာတွေ ၀မ်းနည်းစဖွယ် ဟင်းလင်းဖြစ်နေဆဲလို့ ကုလပြော

ရိုဟင်ဂျာ ဒုက္ခသည်တွေ သူတို့ သဘောထား ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာနဲ့ ရေရှည်သဘော ပြန်လည်ဝင်ရောက် လာနိုင်ရေးအတွက် ရခိုင်ပြည်နယ်ထဲက အခြေအနေတွေကို တိုးတက် ကောင်းမွန်အောင် ပြုလုပ်ပါဆိုပြီး ကုလသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

လက်ဆုပ်လက်ကိုင် ပြနိုင်လောက်တဲ့ လက်တွေ့ မြေပြင် အခြေအနေတွေ တိုးတက်မှုတွေ ရရှိလာအောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP တို့က တောင်းဆိုလာတာ ဖြစ်ပါတယ်။

အဲဒီ အဖွဲ့တွေ အနေနဲ့ ဒုက္ခသည် ပြန်လည်လက်ခံရေး အစီအစဉ်တွေထဲ ပါဝင်ပတ်သက်ခွင့်နဲ့ ရှိဖို့ မြန်မာအစိုးရနဲ့ကြား နားလည်မှုစာချွန်လွှာ တစ်စောင် လက်မှတ်ရေးထိုး ခဲ့အပြီး နှစ်လ အကြာမှာ အခုလို တရားဝင် ကြေညာချက်ထုတ်လာတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ
ဓာတ်ပုံ ပုံစာ, မောင်တောမှာ အခြေစိုက်ခွင့် ပြုဖို့ ကုလ တောင်းဆိုထား
ရိုဟင်ဂျာ
ဓာတ်ပုံ ပုံစာ, လူတွေ သိန်းချီ ထွက်ပြေးခဲ့ရ
ရိုဟင်ဂျာ
ဓာတ်ပုံ ပုံစာ, ဒုက္ခသည် စခန်းရောက် ရိုဟင်ဂျာ မိန်းကလေးငယ်

ဒုက္ခသည် ပြန်လည်လက်ခံရေး အတွက် မြန်မာအစိုးရဘက်က အားတက်စဖွယ် ပြင်ဆင်ဆောင်ရွက် ထားတာတွေ တချို့ ရှိနေပေမယ့် အဓိက နယ်ပယ် ၃ ရပ်မှာတော့ တိုးတက်မှုတွေ ရရှိအောင် ပြုလုပ်ဖို့ အရေးတကြီး လိုအပ်နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂက ဝေဖန်ပါတယ်။

အဓိက နယ်ပယ် ၃ ရပ် ဆိုတာကတော့ (၁)။ ရခိုင်ပြည်နယ်ထဲ ကုလသမဂ္ဂ အနေနဲ့ ထိရောက်တဲ့

သွားလာလှုပ်ရှားခွင့်တွေ ရရှိရေး၊(၂)။ အဲဒီမှာ ရှိတဲ့ အသိုင်းအဝိုင်း အားလုံး လွတ်လပ်စွာ ခရီးသွားလာခွင့် ရလာရေး နဲ့(၃)။ အကြပ်အတည်း ပြဿနာ ပေါ်ပေါက်ရတဲ့ အဓိက အရင်းခံ အကြောင်းအရင်းတွေကို ကိုင်တွယ်ရေး ဆိုတဲ့ အချက်တွေမှာ တိုးတက်ဖို့ လိုသေးတယ် ဆိုပြီး ကုလသမဂ္ဂက ပြောပါတယ်။

အသံဖိုင် ပုံစာ, ရိုဟင်ဂျာစာအုပ်အကြောင်း သမိုင်းပညာရှင် ဒေါက်တာမြင့်သိန်းနဲ့ မေးမြန်း

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ဝန်ထမ်းတွေ အလုပ်လုပ်နိုင်ဖို့ အတွက် မောင်တောမြို့မှာ အခြေစိုက်ခွင့်ပြုပါ ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက် ကတည်းက တောင်းဆို ထားပေမယ့် မြန်မာအစိုးရဘက်က တစုံတရာ အကြောင်းမပြန်သေးပဲ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲ ရေးသား ထားပါတယ်။

ရခိုင်ဒေသ အရေးနဲ့ ပတ်သက်လို့ မစ္စတာ ကိုဖီ အာနန် ဦးဆောင်တဲ့ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက် ၈၈ချက်ထဲက ၈၁ချက်ကို အကောင်အထည်ဖေါ် ပြီးသွားပြီလို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြောထားပါတယ်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ သြဂုတ်လ ၆ရက်နေ့က ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အထဲ နိုင်ငံသား ဖြစ်ရေး ကိစ္စကတော့ ရေရှည် ကိစ္စ ဖြစ်တဲ့ အတွက် အချိန်ယူ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အနေနဲ့ ရခိုင်ပြည်နယ်ထဲက အခြေအနေတွေ တိုးတက် ကောင်းမွန်ရေးနဲ့ မြန်မာအစိုးရနဲ့ကြား လက်မှတ်ထိုးထားတဲ့ နားလည်မှု စာချွန်လွှာပါ အချက်တွေ အကောင်အထည် ဖော်နိုင်ရေး အတွက် လိုအပ်တာတွေကို ပံ့ပိုးကူညီသွားမှာ ဖြစ်တယ်လို့ UNHCR နဲ့ UNDP တို့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်ထဲ ရေးသား ထားပါတယ်။

ဗီဒီယို ပုံစာ, ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်