အေအေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဘူးသီးတောင်နား ဗုံးကွဲလို့ လူနှစ်ယောက်သေ

ဓာတ်ပုံ ရင်းမြစ်, MOI facebook
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း ရသေ့တောင်- ဘူးသီးတောင် မြေသားကားလမ်းပေါ်မှာ မိုင်းဗုံးပေါက်ကွဲတဲ့ အတွက် လူ နှစ်ဦးသေဆုံးသွားခဲ့ပါတယ်။
ဒီဇင်ဘာ ၆ ရက် ည ၉ နာရီအချိန်မှာ ပြင်းထန်စွာပေါက်ကွဲခဲ့တာ ဖြစ်ပြီး အနီးအနားက ကျေးရွာတွေကပါ ပေါက်ကွဲသံကို ကျယ်လောင်စွာ ကြားခဲ့ရတယ်လို့ သိရပါတယ်။
ပေါက်ကွဲချိန်က ကိုးနာရီခွဲ အချိန်လောက်မှာ ဖြစ်ပြီး ကျောင်းရွာ အုပ်စုမှာလို့ အနားက ဖုန်ညိုလိပ် ကျေးရွာ အုပ်ချုပ်ရေး ဦးမောင်သန်းလှိုင်က ဆိုပါတယ်။
အဲဒီနယ်က နာမည်ကြီး သုံးဆယ့်တဘုံဘုရားနဲ့ ၆ ဖာလုံအကွာမှာ ရှိပြီး ထိပ်ထူးပေါက်အနီးမှာ ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
သေဆုံးသူ နှစ်ယောက် အနက် တယောက် ပေါင်ပြတ်ပြီး မျက်နှာပျက်စီးသွားတယ်လို့ သူက ပြောပါတယ်။
နောက်တယောက်ကတော့ ခေါင်းမှာ ထိသွားတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
သူတို့နဲ့ အတူပါတဲ့ ဆိုင်ကယ်လည်း ပေါက်ကွဲ ပျက်စီး သွားခဲ့ပြီး ဆိုင်ကယ် စီးလာသူ နှစ်ယောက်လုံး သေဆုံးသွားပေမယ့် ကျန်တဲ့သူ ထိခိုက် ဒဏ်ရာ အကြီးအကျယ် ရတာ မရှိဘူးလို့ ဦးမောင်သန်းလှိုင် က ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် အခု သေဆုံးသွားသူ နှစ်ယောက် ဘယ်အရပ်ဒေသကလဲ ဆိုတာ အခုထိ စုံစမ်းလို့ မရသေးဘူးလို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Narinjara
ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးတော့ သေဆုံးသူတွေဟာ လူသွားလမ်းပေါ် မိုင်းဗုံး ထောင်ရင်း ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
သေဆုံးသွားသူတဦးရဲ့ နောက်ကျောပေါ်မှာ အာရ်ကန်အာမီလို့ မင်ကြောင် ထိုးတာတွေကို တွေ့ရပေမယ့် သူတို့ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို စစ်ဆေးနေတုန်းဖြစ်တယ်လို့ ပြောပါတယ်။
ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်အတွင်းမှာ လတ်တလော မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့ အကြား တိုက်ပွဲတွေ ဖြစ်ပွားလျက် ရှိနေပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်က ဘူးသီးတောင်မြို့ အနီးတဝိုက်မှာ မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေ အကြား တိုက်ပွဲတွေ နိုဝင်ဘာလ ၂၉ ရက်ကတည်းက ၃ ရက်ဆက်တိုက် ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ ရက္ခိုင့် တပ်မတော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ဒီဇင်ဘာ ၂ ရက်က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တဝိုက် ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယ နယ်စပ်ကြားမှာ အေအေ နဲ့ အစိုးရ တပ်မတော်အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး ၂ ဘက် အကျအဆုံး များခဲ့ပါတယ်။
အခုတိုက်ပွဲတွေ ထပ်ဖြစ်နေတာကြောင့် ပလက်ဝမြို့နယ် နဲ့ နယ်စွန်နယ်ဖျားတွေမှာ ခရီးသွားလာခွင့်ကို အကန့်အသတ်နဲ့ ခွင့်ပြုနေပြီး အစစ်အဆေးတွေ များနေတာကြောင့် ဒေသခံတွေ သွားရေးလာရေး အခက်ခဲကြုံနေရတယ်လို့ ပလက်ဝ ဒေသခံ ဦးတင်ထွန်းအောင်က ပြောပါတယ်။
ခုလိုအခြေအနေမျိုးမှာ လူသွားကားလမ်းပေါ် မိုင်းဗုံးပေါက်ကွဲပြီး လူတွေ သေဆုံးတာတွေ ရှိနေတဲ့ အတွက် ဒေသခံ ပြည်သူတွေ အကြားမှာ တော့ စိုးရိမ်မှုတွေ အထူး မြင့်တက်နေပါတယ်။








