မောင်တော ဘူးသီးတောင် ဒုက္ခသည်စခန်းတွေမှာ ၀မ်းပျက် ၀မ်းလျှော ဖျားနာမှုတွေရှိ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် အိုးအိမ်စွန့် ထွက်ပြေး ခဲ့ကြရတဲ့ ရခိုင်၊ မြို၊ ဒိုင်းနက် စတဲ့ ဌာနေ တိုင်းရင်းသား တွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ် နေပါတယ်။
ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ တိုင်းရင်းသားတွေခိုလှုံရာ ဒုက္ခသည် စခန်းတွေကို ကိုယ်တိုင် သွားရောက် ပြီး သစ်မင်း ဆေးကုသရေးအဖွဲ့နဲ့ အတူ ပြည်သူ့အိုးဝေ ဖောင်ဒေးရှင်းအဖွဲ့ကလည်း ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေကြပါတယ်။
သူတို့အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို အဓိကထား လုပ်ကိုင်ခဲ့ကြပြီး လွန်ခဲ့တဲ့ တလက စလို့ စားနပ်ရိက္ခာတွေ ဖြည့်ဆည်းပေးတာ ၊ အချက်အလက် စုဆောင်းပြီး သွားလာရေး အဆင်ပြေဖို့ နှစ်ဖွဲ့ ပူးပေါင်း ကူညီပေးခဲ့ကြတယ်လို့ ပြည်သူ့ အိုးဝေ ဖောင်ဒေးရှင်းက တာဝန်ခံ ကိုအောင်အောင်ကျော် က ပြောပါတယ်။
အရေးအခင်း အစပိုင်းမှာတော့ ဘူးသီးတောင် မောင်တော ဖက်တို့မှာ အထိုင်ချပြီး ဘူးသီးတောင်မှာ ဆိုရင်လည်း ခခ ၂ ဒုက္ခသည် စခန်းနဲ့ အေးစေတီမှာ နေပြီး မြို့ပေါ်က စခန်းတွေကို သွားရောက် ကူညီပေးခဲ့သလို မောင်တောမှာ ဆိုရင်လည်း အလိုတော်ပြည့် ကျောင်းတိုက်ကို သွားပြီး အဲဒီက ဒုက္ခသည်တွေကို ကူညီ စောင့်ရှောက်မှု ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
ကုသပေးရသူတွေထဲမှာ တိုင်းရင်းသား ဒုက္ခသည်တွေက အများစု ဖြစ်ပြီး မြို ၊ ခမီ ၊ သက် ၊ ဒိုင်းနက် နဲ့ ရခိုင် တို့ ဖြစ်တယ်လို့ ကိုအောင်အောင်ကျော်က ရှင်းပြပါတယ်။
အရေးအခင်း စဖြစ်တဲ့ ရက်တွေမှာ မောင်တော ဘူးသီးတောင်မှာ ဒုက္ခသည်တွေ ထောင်သောင်းချီ ရောက်လာကြပြီး နောက်ရက်ပိုင်းမှာ အဲဒီ ဒုက္ခသည်တွေက စစ်တွေမှာ သွားစုပြုံနေတာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။
အများစုဟာ သာမန် ဖျားနာသူတွေ ဖြစ်ပြီး တချို့ဆိုရင် ဆရာဝန် ၊ ဆေးမှူး စတာတွေကိုတောင် မမြင်ဖူးတဲ့သူတွေ ရှိကြသလို ဘာသာစကား အခက်အခဲလည်း ရှိတယ်လို့ ကုသမှု အတွေ့အကြုံကို ကိုအောင်ကျော်ကျော် က ပြန်လည် ဝေငှခဲ့ပါတယ်။
ထူးခြားတာက သူတို့ ကုသပေးရသူတွေထဲမှာ အဆုတ်ကင်ဆာ သမား အများအပြား တွေ့ရသလို ကူးစက် နိုင်တဲ့ ရောဂါတွေလည်း တွေ့ရပြီး ဒီလို ဖြစ်နေတဲ့ ရောဂါတွေကို မကုသနိုင်တဲ့ အနေအထား တွေ့ရတယ်လို့ သူက ပြောပါတယ်။
သူတို့ အနေနဲ့ သာမန် ဒုက္ခသည်စခန်းတွေမှာ တွေ့ရလေ့ ရှိတဲ့ ၀မ်းပျက် ဝမ်းလျှော ရောဂါနဲ့ ဖျားနာတာတွေကို တနေ့ကို အယောက် ၇၀ ကနေ ၈ဝ လောက် အထိ ကုသပေးခဲ့ပြီးတဲ့နောက်ပိုင်း ထိန်းချုပ် လိုက်နိုင်တယ်လို့ အတွေ့အကြုံကို ကိုအောင်ကျော်ကျော်က ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် ဓါးနဲ့ခုတ်ခံရသူတွေ ၊ တုတ် နဲ့ အရိုက်ခံရသူတွေ အများအပြား ရှိပြီး နှစ်နှစ် သား အရွယ်လေး ဓါးခုတ် ခံရလို့ လာပြတာကြောင့် ကုသပေးခဲ့ရတယ်လို့ သူက ဆိုပါတယ်။
အမျိုးသမီး တော်တော်များများကိုလည်း ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ရပြီး အသတ်ခံ ရတဲ့ မိသားစု နဲ့ ဓါးနဲ့ အခုတ်ခံရလို့ ထွက်ပြေးလာသူတွေကိုလည်း ကုသပေးခဲ့ရသလို သူတို့ အနေနဲ့ မတက်နိုင်တဲ့ ကိစ္စတွေ ဆိုရင် ဆေးရုံကို လွှဲပေးတယ်လို့ သူက ပြောပါတယ်။
ဓါးခုတ် ခံရတဲ့ အထဲမှာ မြို ၊ ဒိုင်းနက် တိုင်းရင်းသားတွေ များပြီး ဟိန္ဒူတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။
အဲဒီ ဒေသတွေမှာ တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့တွေကလည်း ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတယ် ဆိုပေမယ့် ရုပ်ပြ အဖြစ်သာ တွေ့ရပြီး ထိထိရောက်ရောက် လုပ်ကိုင် ဆောင်ရွက်ပေးခြင်း မရှိဘူးလို့ ကိုအောင်အောင်ကျော်က ပြောပါတယ်။








