တိုက်ပွဲကြောင့် ထွက်ပြေးနေသူများအတွက် ဆန်ရိက္ခာပို့ဖို့ အခက်တွေ့

ကချင်စစ်ရှောင်စခန်းမှာ ခရစ္စမတ်ကာလအတွက်ပြင်ဆင်နေပုံ

ဓာတ်ပုံ ရင်းမြစ်, Hkun li

ဓာတ်ပုံ ပုံစာ, ကချင်စစ်ရှောင်စခန်းမှာ ခရစ္စမတ်ကာလအတွက်ပြင်ဆင်နေပုံ

တရုတ်နိုင်ငံဘက်ကနေ ကချင်စစ်ရှောင်စခန်းတွေဆီကို ပေးပို့နေတဲ့ဆန်တွေကို တရုတ်ပြည်က ပိတ်ထားလိုက်တဲ့အတွက် အခုချိန်မှာ စစ်ရှောင်စခန်းတွေမှာ ဆန်ရိက္ခာပြတ်လပ်တာတွေနဲ့ ကြုံနေရတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်က ဘီဘီစီကို ပြောပါတယ်။

သူက " အခုလောလောဆယ် အစိုးရထိန်းချုပ်နယ်မြေတွေမှာတော့ ထွေထွေထူးထူး ပြောစရာမရှိဘူး။ ဆောင်းတွင်းဆိုတော့ အနွေးထည်တွေ၊ ဆေးဝါးတွေတော့ နည်းနည်းပါးပါးလိုတယ်။ တနိုင်းဘက်မှာတော့ သွားဖို့ ခက်ခဲတယ်ဆိုတော့ နည်းနည်းလိုအပ်တယ်။ အခုအထူးသဖြင့် လောလောဆယ် အခက်အခဲက တရုတ်ဘက်က တင်ပို့တဲ့ဆန်တွေကို တရုတ်အစိုးရက ဖြတ်ကျော်ခွင့်မပေးဘူး။ စားသောက်ဖို့တောင် ခက်ခဲနေတယ် နယ်စပ်တကြောလုံးမှာရှိတဲ့စစ်ရှောင်စခန်းတွေ။ စစ်ရေးလေ့ကျင့်တာ တွေလုပ်နေတယ် ဆိုတော့ သူတို့ ပိတ်ထားတယ် ကျနော်တို့ အခု ဒုက္ခရောက်နေတယ် " လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာရတဲ့ဒုက္ခသည် တသိန်းနှစ်သောင်းကျော် ရှိနေပြီလို့ KBC ရဲ့စာရင်းအရ သိရပါတယ်။

အစိုးရနဲ့နီးစပ်တဲ့စခန်းတွေမှာတော့ အနွေးထည်တွေနဲ့ စောင်တွေ အနည်းငယ်လိုအပ်နေတာကလွဲရင် နိုင်ငံတကာကူညီထောက်ပံ့ရေးတွေရဲ့ အကူအညီတွေရသေးတဲ့အတွက် အဆင်ပြေသေးတယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပါတယ်။

ဒါပေမဲ့ အစိုးရထိန်းချုပ်ရာနယ်မြေမဟုတ်တဲ့ဘက်တွေ အထူးသဖြင့် တရုတ်-မြန်မာနယ်စပ်က စစ်ရှောင်စခန်းတွေကို ကြားခံကုန်သည်တွေကတဆင့် ပေးပို့ရတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ဒေါ်ဂျာနူးက ပြောပါတယ်။

သူက "ပိတ်တာကတော့ အမြဲပိတ်နေတာပါ။ တရုတ်ပြည်ဘက်ကလည်း အမြဲတမ်း ပိတ်တယ်။ ကျွန်မတို့ကတော့ အစားအသောက်ပို့မယ်ဆိုရင် ကုန်သည်တွေကိုပဲ အပ်လိုက်တယ်။ ပို့ချင်တဲ့ စခန်းတွေကို ရောက်ဖို့ ၊ အခုနောက်ပိုင်းတော့ KBC က အဓိက ပြန်ဝေနေပါတယ်။ သူတို့လည်း နည်းလမ်းရှာရတာပါပဲ " လို့ပြောပါတယ်။

စစ်ဘေးရှောင်တွေအတွက် ဆောင်းရာသီမှာ အနွေးထည်တွေ လိုအပ်နေဆဲ

ဓာတ်ပုံ ရင်းမြစ်, Hpauyam La Awng

ဓာတ်ပုံ ပုံစာ, စစ်ဘေးရှောင်တွေအတွက် ဆောင်းရာသီမှာ အနွေးထည်တွေ လိုအပ်နေဆဲ

မြန်မာနိုင်ငံမှာ ၂၀၁၁ ဇွန်လ (၉) ရက်နေ့က စတင်တဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် (၁၂၀,၀၀၀)ကျော် ၊ စစ်ပွဲအတွင်းကျေးရွာပေါင်း (၃၆၇)ရွာ၊ လူနေအိမ်ခြေပေါင်း (၁၅,၀၀၀)နီးပါး၊ ဘာသာရေးအဆောက်အဦးတွေအနေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၂၇၂) ကျောင်း ပျက်စီးခဲ့တယ်လို့ KBC ရဲ့စာရင်းတွေအရ သိရပါတယ်။

ဒါကြောင့် ဒီပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က အိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေအရေးကို မေ့မထားဖို့ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက တနင်္လာနေ့က ထုတ်ပြန်တိုက်တွန်းခဲ့ပါတယ်။

အခုလက်ရှိ အနေအထားမှာတော့ စစ်ရှောင်ဒုက္ခသည်တွေကို လုံလုံလောက်လောက် အစားအသောက်တွေ ထောက်ပံ့ပေးနိုင်ဖို့ KBC ကချင်နှစ်ခြင်းခရစ်ယာန် အသင်းက ဦးဆောင်ပြီး ဆွေးနွေးတိုင်ပင်နေတယ်လို့ KBC အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က ဘီဘီစီကို ပြောခဲ့ပါတယ်။