ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အတွက် အကောင်းဆုံး မျှော်လင့်ချက်လို့ ဆို

ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန်၊ ကွန်ဂရက်၊ မစ်ချ် မက်ကော်နယ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဒီမိုကရေစီ တောင်းဆို လှုပ်ရှားခဲ့စဉ် ကာလတလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်က အခိုင်အမာ ထောက်ခံခဲ့

ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာနိုင်ငံအတွက် အကောင်းဆုံး မျှော်လင့်ချက် ဖြစ်တယ်လို့ အမေရိကန် ရီပတ်ဘလစ်ကန် ဆီးနိတ်အမတ် ခေါင်းဆောင် မစ်ချ် မက်ကော်နယ် က ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေကို စစ်တပ်က နယ်မြေ ရှင်းလင်း စစ်ဆင်မှု လုပ်ခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာက ဝိုင်းပြီး အပြစ်ပုံချ နေမှုတွေထဲမှာ အမေရိကန် ကွန်ဂရက်လွှတ်တော် ပါဝင် ပူးပေါင်းတာဟာ အထောက်အကူ ဖြစ်မှာ မဟုတ်ဘူးလို့ မစ္စတာ မစ်ချ် မက်ကော်နယ် က ရိုက်တာ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း တခုမှာ ပြောကြားခဲ့ပါတယ်။

စစ်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျနေချိန်နဲ့ ဒီမိုကရေစီ တောင်းဆို လှုပ်ရှားနေချိန် တလျှာက်လုံး ဒေါ်အောင်ဆန်း စုကြည်ကို အခိုင်အမာ ထောက်ခံ အားပေးခဲ့တဲ့ နိုင်ငံတွေထဲမှာ အမေရိကန်က ထိပ်ဆုံးက ပါခဲ့ပါတယ်။

မစ္စတာ မစ်ချ် မက်ကော်နယ်ဟာလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ပေါင်းများစွာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပြီး မြန်မာ့အရေးကို အထူး စိတ်ဝင်စားသူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန်၊ ကွန်ဂရက်၊ မစ်ချ် မက်ကော်နယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မစ္စတာ မစ်ချ် မက်ကော်နယ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသူ ဖြစ်

နိုင်ငံတော် လျှို့ဝှက်ချက် အက်ပုဒ်မနဲ့ ထောင်ချခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ကွန်ဂရက်က ဖိအားပေးသင့် မသင့် ဆိုတဲ့ မေးခွန်းကို မစ္စတာ မက်ကော်နယ်က ဖြေဖို့ ငြင်းဆန်ခဲ့ပါတယ်။

ခုချိန်ထိတော့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို အပြစ်ပေးတာမျိုး ပြစ်တင်ဝေဖန်တာမျိုး လုပ်ဖို့ ဥပဒေကြမ်းတရပ်ကို ဆီးနိတ်လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်တာမျိုး မရှိသေးပါဘူး။

မြန်မာအစိုးရအပေါ် အမေရိကန် ကွန်ဂရက်က ဒဏ်ခတ် အရေးယူခြင်းအားဖြင့် အထောက်အကူ ပြုမယ်လို့ သူ့အနေနဲ့ မယူဆဘူးလို့ မစ္စတာ မက်ကော်နယ်က ပြောပါတယ်။

လူပုဂ္ဂိုလ် တဦးချင်းအပေါ် အမေရိကန် အစိုးရက ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ထားပြီး ဖြစ်လို့ ကွန်ဂရက်ကနေ နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်တာက အထောက်အကူ ပြုမှာ မဟုတ်ဘူးလို့ သူ ကပြောပါတယ်။

မြန်မာ့ တပ်မတော်ဟာ ရိုဟင်ဂျာတွေအပေါ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ အုပ်စုလိုက် အဓမ္မပြုကျင့်မှုနဲ့ တခြား ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို အကွက်ချ စီစဉ် လုပ်ခဲ့တယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဌာနက ပြီးခဲ့တဲ့လက အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဧရာဝတီ သတင်း ဌာန အယ်ဒီတာချုပ် ကိုအောင်ဇော်က အမေရိကန် အစိုးရဟာ ရခိုင်အရေးနဲ့ ပတ်သက်လို့ လူမျိုးတုံး သတ်ဖြတ်မှု ဆိုတဲ့ စကားလုံးကို အထူး ရှောင်ရှား သတိထား သုံးတာ တွေ့ရကြောင်း၊အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံအပေါ် စစ်အစိုးရ လက်ထက်က ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးခဲ့ပြီး နောက်ပိုင်းကစလို့ ထိတွေ့ ဆက်ဆံတဲ့ မူဝါဒကို သုံးလာကြောင်းနဲ့ အခု ရခိုင်အရေးကြောင့် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်လာမှာကို စိုးရိမ်သူတွေ ရှိနေသလို စီးပွားရေး ဒဏ်ခတ်လိုသူတွေလည်း ရှိနေကြောင်း ပြောပါတယ်။