ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကချင်မှာ ဒုရဲအုပ်ဆီက မူးယစ်ဆေးဝါးမိ
ကချင်ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းနှိမ်နင်းရေးတပ်စုက ဒုရဲအုပ်တဦးဆီက စိတ်ကြွဆေးပြားတွေ သောင်းနဲ့ချီပြီး ဖမ်းမိခဲ့တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ဘီဘီစီကို ပြောပါတယ်။
အဲဒီ ဒုရဲအုပ်ကိုယ်တိုင် ဖမ်းဆီးရမိထားတဲ့ စိတ်ကြွဆေးပြား နှစ်သောင်းကျော် မပြည့်ပဲ သက်သေခံပစ္စည်းတွေ ကျန်နေသေးတယ်ဆိုပြီး သတင်းပေးသူ ရှိတဲ့အတွက် ရှာဖွေရာမှာ အခုလို ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ ကချင်ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်းက ဘီဘီစီကို ပြောပါတယ်။
အခုလို ဖမ်းမိခဲ့တဲ့ ဒုရဲအုပ်ကို မူးယစ်ဆေးဝါးဆိုင်ရာ တည်ဆဲ ဥပဒေနဲ့အပြင် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနဲ့လည်း အရေးယူမယ်လို့ ရဲမှူးကြီး လွင်မောင်သိန်းက ပြောပါတယ်။
မူးယစ်ဆေးဝါးအမှုတွေကို ဖမ်းဆီးရာမှာ သတင်းပေးတိုင်ကြားသူတွေနဲ့ လက်ရ ဖမ်းဆီးပေးတဲ့ ဝန်ထမ်းတွေကို ဆုကြေးငွေ အခွန်ကင်းလွတ်ခွင့်နဲ့ ချီးမြှင့်ပေးမယ်ဆိုပြီး သမ္မတဦးဝင်းမြင့်ရဲ့အမိန့်နဲ့ ပြီးခဲ့တဲ့ဇွန်လ အတွင်းက ထုတ်ပြန်ကြေညာအပြီးမှာ သတင်းပေးတိုင်တန်းသူတွေရှိလာတဲ့အတွက် အခုလို ရဲဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတဲ့ မူးယစ်အမှုတွေကို ဖမ်းဆီးရမိ လာတာလည်း ဖြစ်ပါတယ်။
သမ္မတရဲ့အမိန့်အတိုင်း ဆုကြေးငွေ ပေးမယ့် စနစ်ကို ကျင့်သုံးဖို့ စတင်ဆောင်ရွက်နေပြီလို့လည်း ရဲမှူးကြီး လွင်မောင်သိန်းက ဘီဘီစီကိုပြောပါတယ်။
မူးယစ်ဆေးဝါးအမှုတွေကို တားဆီး တိုက်ဖျက်ရာမှာ အခုလို ဆုကြေး စနစ်သစ်ကြောင့် သတင်းပေးသူတွေရဲ့ ပူးပေါင်း ပါဝင်မှု အားကောင်းလာပြီး အာဏာပိုင်တွေက အရေးယူတဲ့အပိုင်းကို အားမရတဲ့ သတင်းပေး ပြည်သူတွေ ရှိတာကလည်း တကြောင်းဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးသန်းဝင်းက ဘီဘီစီကိုပြောပါတယ်။
သမ္မတ ဦးဝင်းမြင့်တက်လာပြီး နောက်ပိုင်းမှာ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးကို အရင်ကထက် ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် သတင်းပေးသူတွေနဲ့ ပေးပို့လာတဲ့ သတင်းအချက် အလက်တွေရဲ့ လုံခြုံရေးကို အထူးထိန်းသိမ်းသွားမယ်လို့ အာဏာပိုင်တွေဘက်က ပြောဆိုထားပြီး ဒီအတွက်လည်း မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနတစ်ခုကို နိုင်ငံတော် သမ္မတရုံးမှာ ဖွဲ့စည်းထားပါတယ်။