မြန်မာမူးယစ်ဆေးကြောင့် ဘင်္ဂလားခေါင်းကိုက်

ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဒါကာထရီဗျူး ဂျာနယ်က မြန်မာပြည်ကလာတဲ့ မူးယစ်ဆေးတွေ ယာဘဆေးပြားတွေကြောင့် ဘင်္ဂလားဒေ့ရှ်က ခေါင်းကိုက်ရတယ်လို့ ရေးထားပါတယ်။

မြန်မာပြည်က လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် လွှတ်တော်အမတ်တွေ ပြည်နယ်အစိုးရတွေတောင် မူးယစ်ရောင်းဝယ် ဖောက်ကားတာမှာ ပါဝင်ပတ်သက်တယ်လို့ အမည်မဖော်လိုတဲ့ ထောက်လှမ်းရေး အဖွဲ့တွေကို ကိုးကား ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်က ဒီလို စကားတွေ အရင်ကလည်း ပြောဆိုလေ့ ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရဲမှူးကြီးဇော်လင်းထွန်းက ပြောပါတယ်။

ရှမ်းပြည်နယ် မှာ လူမျိုးစု လက်နက်ကိုင် တွေရဲ့ ဆေးပြားစက်ရုံ ၃၇ ရုံ ရှိတယ် လို့ ဘင်္ဂလားဒေ့ရှ် က ပြောဆိုရာမှာ အခြေအမြစ် မရှိဘူးလို့လည်း သူက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကလည်း ဒီလို စွပ်စွဲချက်တွေ ထွက်ခဲ့ဖူးတယ် လို့ သိရပါတယ်။

ယာဘဆေးပြား ပို့တဲ့ အဖွဲ့ ၁၄ ဖွဲ့မှာ ရိုဟင်ဂျာ ၅ဝဝ လောက် ပါဝင်နေတယ် ဆိုရာမှာလည်း အာဆာ လက်နက်ကိုင်တွေ ဖြစ်နိုင်တယ်လို့ ရဲမှူးကြီးဇော်လင်းထွန်းက ပြောပါတယ်။

ရှမ်းအစိုးရ အဖွဲ့ဝင်တွေ အပါအဝင် လွှတ်တော်အမတ် တချို့ မူးယစ်လုပ်ငန်းမှာ ပါဝင် ပတ်သက်နေတယ် ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ သူက ငြင်းဆိုပါတယ်။

တပ်နဲ့ လူဝင်မှု ကြီးကြပ်ရေးက မူးယစ် လုပ်ငန်းမှာ ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကလည်း တယောက်ချင်း အလိုက် ပတ်သက်တာတွေ ရှိဖူးပေမယ့် အဖွဲ့အစည်းလိုက် ပတ်သက်ဖို့ မဖြစ်နိုင်ဘူး၊ ဝါဒဖြန့်တာသာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

စိတ်ကြွဆေးတွေ အဓိက ထုတ်လုပ် ဖြန့်ဖြူးနေတဲ့ မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ကို မူးယစ်ဆေးပြား အမြောက်အမြား နယ်စပ် ဖြတ်ကျော် စီးဝင်နေတယ်လို့လည်း သတင်းဌာနတွေက ရေးသားနေကြပါတယ်။