ရှမ်းနဲ့ ၀ လူမျိုးတွေပါတဲ့ ဂူထဲ ပိတ်မိသူတွေ

ရှမ်း, ၀,ထိုင်း

ဓာတ်ပုံ ရင်းမြစ်, AFP- Navy Thai

ဓာတ်ပုံ ပုံစာ, ဂူ ထဲ ပိတ်မိနေသူတွေ

ထိုင်းနိုင်ငံ ချင်းရိုင်က ဂူ ထဲ ပိတ်မိနေသူတွေထဲမှာ ရှမ်းလူမျိုး ၉ ဦး ( ထိုင်းအခေါ် ထိုင်းယိုင် ) ၊ ၀ လူမျိုး ၁ ဦးနဲ့ ထိုင်းလူမျိုး ၃ ဦး ပါဝင်တယ်လို့ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ ရှမ်းအသိုင်းအဝိုင်းထံက စုံစမ်းသိရှိရပါတယ်။

ပိတ်မိသူ ၁၃ ဦးထဲကစုစုပေါင်း ၁၁ ဦးဟာ နိုင်ငံသား ကတ်ရရှိပြီးသူတွေ ရရှိသူတွေ ဒါမှမဟုတ် နိုင်ငံသားတွေဖြစ်ကြောင်း ထိုင်းသတင်းတွေကလည်း ဖော်ပြကြပါတယ်။

၀ လူမျိုး ကလေး ၁ ဦး နဲ့ သူတို့ ဘောလုံးအသင်း ရဲ့ နည်းပြဖြစ်သူသာ နိုင်ငံသား ကတ် မရှိသေးသူဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။

ဘောလုံးအသင်းနည်းပြရဲ့ မိဘတွေကလည်း ရှမ်းပြည်ကပဲ သူကိုယ်တိုင် လမ်းပွန်းမှာ မွေးတယ်ဆိုပေမယ့်လေ လို့ ဘောလုံးအသင်းနည်းပြနဲ့ သိကျွမ်းတဲ့ မယ်ဆိုင်မှာ နေထိုင်တဲ့ စိုင်းယီက ပြောပါတယ်။

ထိုင်းဘက်က တရားဝင် ပြောကြားချက်အရတော့ ပိတ်မိကလေးတွေထဲက ရှမ်းတွေကို ထိုင်းလူမျိုး ရှမ်းမျိုးနွယ်လို့ သတင်းထုတ်တယ်။ တကယ်တော့ ဂူထဲပိတ်မိတဲ့ ကလေးတွေ ရဲ့ မိဘတွေက တောင်ပေါ်သား ကတ်ကိုကိုင်ဆောင်ပြီး တကယ်လို့ ကလေးတွေရဲ့ မိဘဖြစ်သူတွေက ထိုင်းမှာမွေးတာ မဟုတ်ရင်တောင် ကလေးတွေဟာ နိုင်ငံသားကတ်ရရှိသူတွေဖြစ်ပြီး ထိုင်းရဲ့ ပညာရေးစနစ်အပါအဝင်အခြားစနစ်တွေကို ရရှိလာတာ ဖြစ်တယ်လို့ စိုင်းယီက ဘီဘီစီကို ပြောပါတယ်။

၀ လူမျိုး အိုက်လူး ခေါ် Adul- Sam ကတော့ မြန်မာပြည်ဘက်မှာမွေးတဲ့ ၀ လူမျိုးတဦးဖြစ်ပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာ နေထိုင်ရင်း ကျောင်းတက်နေသူဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းကလည်း ဖော်ပြပါတယ်။

ထိုင်း ၊ မြန်မာ ၊ တရုတ် စတဲ့ ဘာသာ စကားတွေကို တတ်ကျွမ်းတဲ့သူဟာ ရေငုပ်သမားနဲ့ စတင်တွေ့ခဲ့တဲ့ ကလေးဖြစ်ပြီး စတင်နှုတ်ဆက်ခဲ့သူလည်း ဖြစ်ပါတယ်။

ရှမ်း, ၀,ထိုင်း

ဓာတ်ပုံ ရင်းမြစ်, Facebook- Ekatol

ဓာတ်ပုံ ပုံစာ, ဂူထဲပိတ်မိ ကလေးတွေရဲ့ ဘောလုံးအသင်း

ကလေးမိဘတဦးနဲ့ အဆက်အသွယ်ရခဲ့သူတဦးက သူတို့ဟာ ရှမ်းပြည်ကျိုင်းတုံဘက် ရွှေ့ပြောင်းလာသူဖြစ်တယ်လို့ ပြောကြောင်း သူ့ကလေးကတော့ ထိုင်းမှာ မွေးတာ ဖြစ်ကာ ထိုင်းမှတ်ပုံတင် ရရှိခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ရှမ်းလူမျိုး ကလေးငယ် အားလုံးဟာ မြန်မာဘက်က ပြောင်းရွှေ့လာတဲ့ မိသားစုတွေကနေ ပေါက်ဖွားလာသူတွေ ဟုတ်မဟုတ် မသိရပေမယ့် ထိုင်းနိုင်ငံမှာတော့ အခါအားလျော်စွာ ထိုင်းဘက်သွားနေတဲ့ တိုင်းရင်းသားတွေကို ထိုင်းမှာ ရှိတဲ့ တောင်ပေါ်သားတွေနဲ့အတူ နိုင်ငံသားကတ် ထုတ်ပေးခဲ့တာတွေလည်း ရှိခဲ့ဖူးတာပါ။

ဂူထဲမှာရှိနေဆဲဖြစ်တဲ့ကလေးတွေကတော့ မိဘတွေအနေနဲ့ သူတို့တွေကို စိတ်မပူကြဖို့ စာ တ စောင်ရေးသားပေးပို့ခဲ့ကြပါတယ်။

သူတို့ဘောလုံးအသင်းရဲ့ နည်းပြဖြစ်သူကတော့ အခုလိုကိစ္စတွေအတွက် ကလေးတွေရဲ့ မိဘတွေကို တောင်းပန်ကြောင်းနဲ့ ကလေးတွေကို သူ့အနေနဲ့ စောင့်ရှောက်ပေးသွားမှာဖြစ်ပြီး ကယ်ဆယ်ရေး လုပ်သားတွေကလည်း သူတို့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးထားတယ်လို့ သူ့ရဲ့ စာမှာ ရေးသားထားပါတယ်။

ဂူထဲ ပိတ်မိ

ဓာတ်ပုံ ရင်းမြစ်, Thai Navy Seal

ဓာတ်ပုံ ပုံစာ, ဂူထဲမှာရှိနေဆဲဖြစ်တဲ့ကလေးတွေကတော့ မိဘတွေအနေနဲ့ သူတို့တွေကို စိတ်မပူကြဖို့ စာ တ စောင်ရေးသားပေးပို့ခဲ့ကြ