သမိုင်းပညာရှင် ဒေါ်ကြန် တရာပြည့်ပြီ

ဓာတ်ပုံ ရင်းမြစ်, Professor Mo Mo Thant
စာရေးဆရာ သမိုင်းပညာရှင် ဆရာမကြီး ဒေါ်ကြန် ခေါ် မကြန်ဟာ ဇူလိုင်လ ၁ ရက်မှာ အသက် ၁ဝဝ ပြည့်သွားပြီလို့ သိရပါတယ်။
ဒီအတွက် မွေးနေ့ ရာပြည့်ပွဲကို ရန်ကုန် မြို့ စာပေ ဗိမာန်မှာ ဇူလိုင်လ ၇ ရက်မှာ ကျင်းပဖို့ စီစဉ်နေကြပါတယ်။
ဒေါ်ကြန်ဟာ ၁၉၆ဝ လောက်က ခုထိ သမိုင်းစာတမ်းတွေ ရေးသားလာတဲ့ ပညာရှင် အမျိုးသမီးကြီး ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Historical Commission
ဒေါ်ကြန်ဟာ မောင်နှမတွေကို ငဲ့ပြီး ကောလိပ်ဆက်မတက်ဘဲ စာတိုက်စာရေး လုပ်နေပြီးမှ အသက် ၃ဝ ကျော်မှာ ကျောင်းပြန်တက်သူ ဖြစ်ပါတယ်။
ဒါကြောင့် မဟာဝိဇ္ဇာဘွဲ့ကို အသက် ၄ဝ ကျော်မှ ရပါတယ်။
အသစ်ဖွင့်ခါစ သမိုင်းကော်မရှင်မှာ သုတေသန အရာရှိ အဖြစ် ဆောင်ရွက်ရင်း လန်ဒန်မှာ ရှိတဲ့ မြန်မာ အထောက်အထားတွေကို သွားရောက် စုဆောင်း ကူးယူတဲ့ အလုပ်ကို ဒေါက်တာ ရီရီနဲ့ တွဲဘက် ဆောင်ရွက်ခဲ့ပါတယ်။

ဒေါ်ကြန်ဟာ ကော်မရှင်မှာ လုပ်ရင်း စာတမ်းတွေ ရေးသားပြီး မြန်မာ့သမိုင်း ကို အပတ်တကုတ် လေ့လာခဲ့ပါတယ်။
ကိုလိုနီခေတ် သမိုင်းကို အထူးပြု လေ့လာသူ ဖြစ်လို့ ပဒေသရာဇ်မြန်မာနိုင်ငံ၏ ဇာတ်သိမ်းနဲ့ မြန်မာနိုင်ငံ အခြေအနေ (၁၈၈၅-၁၈၈၆ )စာအုပ်တွေနဲ့ အထူး ထင်ရှားခဲ့သလို အမျိုးသား စာပေဆု ၅ ကြိမ်ရခဲ့ပါတယ်။
ပင်စင်ယူပြီးနောက်ပိုင်းမှာလည်း ဆက်ပြီး စာပေတွေ ရေးသားသလို မြန်မာစာအဖွဲ့နဲ့ သမိုင်းအဖွဲ့တွေမှာ ပါဝင်ခဲ့ပါတယ်။
အသက် ၈ဝ ကျော်အထိ စာအုပ်တွေ ထွက်နေသလို စာပေဆုတွေလည်း ရခဲ့ပါတယ်။

အင်္ဂလိပ် မြန်မာမှတ်တမ်း အထောက်အထားတွေ သုံးပြီး မြန်မာ သမိုင်းကို ပြန်လည်ရေးသားရာမှာ အဓိက ပါဝင်ခဲ့တဲ့ ပညာရှင် တယောက် ဖြစ်ပါတယ်။
ရွှေတိဂုံ စေတီတော်က ကြေးအုတ်များ စာတမ်းမှာ ၁၉ ရာစုက မင်းတုန်းမင်း ထီးတင်ချိန်မှာ ကုသိုလ်ပါဝင်ခဲ့ကြတဲ့ အောက်မြန်မာပြည် တလွှားက ကျေးရွာတွေအကြောင်း ပြုစုထားပါတယ်။
မြန်မာ နိုင်ငံ သုတေသန အသင်းမှာ ပါဝင်ခဲ့ပြီး ဒုတိယ ဥက္ကဋ္ဌအထိ ထမ်းဆောင်ခဲ့ပါတယ်။
ဒေါ်ကြန်ဟာ သက်ရှိထင်ရှားထဲမှာ ဝါအရင့်ဆုံး မြန်မာ သမိုင်း ပညာရှင် ဖြစ်သလို ထင်ရှားတဲ့ မြန်မာ လူမျိုးတွေထဲမှာ အသက်အကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။
သူအသေးစိတ် လေ့လာပြုစုခဲ့တဲ့ သမိုင်းသုတေသန လက်ရာတွေကို မြန်မာ သမိုင်းကို သိလိုသူတွေ နောက်အနှစ်တရာမှာ ဆက်ပြီး ဖတ်ရှုနေကြရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Print Collector








