ဗိုလ်ချုပ်မှူးကြီးကို အိုင်စီစီပို့ဖို့ AI တောင်းဆို

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ စစ်ရေးပြအခန်းအနား - ဖေဖော်ဝါရီ ၃ ရက် ၂၀၁၈

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ စစ်ရေးပြအခန်းအနား - ဖေဖော်ဝါရီ ၃ ရက် ၂၀၁၈

ရခိုင်ပြည်နယ်မှာ လူ့အသိုင်းအဝိုင်း တခုလုံးကို ခြိမ်းခြောက်တဲ့ ရာဇဝတ် ပြစ်မှုကြီးကို ကျူးလွန်ခဲ့မှုမှာ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက်နဲ့ ရဲဘက် ထိပ်တန်းခေါင်းဆောင် ၁၃ ဦးမှာ တာဝန်ရှိတယ် ဆိုတဲ့ အထောက်အထားတွေကို သူတို့ တွေ့ရှိထားကြောင်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ကစပြီး ၉ လတာ ကာလအတွင်း မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ တွေ့ဆုံ မေးမြန်းမှုပေါင်း ၄ဝဝ ကျော် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကနေ ထွက်ပြေး လွတ်မြောက်လာသူတွေ ၊ မျက်မြင် သက်သေတွေအပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ၊ ဒုက္ခသည်စခန်းတွေက ဆေးဝန်ထမ်းတွေ၊ မြန်မာ စစ်ရေး လေ့လာသုံးသပ်သူတွေ ၊ သံတမန်တွေ၊ သတင်းထောက်တွေ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တွေ့ဆုံမေးမြန်းပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ ရဲကင်းစခန်းတွေကို အာဆာ လက်နက်ကိုင် အဖွဲ့က အချိန်ကိုက် စီးနင်း တိုက်ခိုက်မှုတွေ မလုပ်ခင်ကတည်းက မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုကြီးတခု လုပ်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ က ပြောပါတယ်။

အဲဒီ အချိန်မတိုင်ခင် သီတင်းပတ်တွေအတွင်း ကချင်နဲ့ ရှမ်းပြည် မြောက်ပိုင်းကနေ တပ်မ ၃၃ နဲ့ တပ်မ ၉၉ က တပ်ဖွဲ့ဝင်တွေကို ရခိုင်ပြည်နယ်ကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အာဆာအဖွဲ့ရဲ့ တိုက်ခိုက်မှု မခံရခင် ၅ ရက်အလိုလောက်မှာ တပ်မ ၃၃ က တပ်မှူးတဦးက ချွတ်ပြင်ကျေးရွာမှာ အနီးတဝိုက်က ရိုဟင်ဂျာရွာ ခေါင်းဆောင်တွေကို ခေါ်တွေ့ခဲ့ပြီး အဲဒီဒေသမှာ အာဆာအဖွဲ့ လှုပ်ရှားမှု ရှိခဲ့ရင် ဒါမှမဟုတ် ရိုဟင်ဂျာ ရွာသားတွေ မဟုတ်တာ လုပ်ရင် အာဆာအဖွဲ့နဲ့ ရွာသား ဘယ်သူဘယ်ဝါ ခွဲခြားမှာ မဟုတ်ဘဲ ပစ်ခတ်မယ်လို့ ပြောခဲ့ကြောင်း အဲဒီအချိန်မှာ ရှိနေခဲ့တဲ့ လူ ၇ ဦးက ပြန်ပြောပြတယ်လို့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

မောင်တောမြို့နယ် အင်းဒင်ရွာက ရိုဟင်ဂျာ ရွာသားတဦးနဲ့ အဲဒီဒေသမှာ အခြေစိုက်တဲ့ မြန်မာ စစ်အရာရှိတဦးအကြား ဖုန်းပြောဆိုမှုထဲမှာ စစ်အရာရှိက တကယ်လို့ ဆူပူအုံကြွမှု တစုံတရာ ရှိမယ် ဆိုရင် တရွာလုံးကို မီးရှို့ ဖျက်ဆီးပစ်ဖို့ အမိန့်ရထားတယ်လို့ဆိုပြီး အေးအေးချမ်းချမ်း နေကြဖို့ အဲဒီ စစ်အရာရှိက ပြောခဲ့တဲ့ အသံကိုလည်း လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ရထားတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ကတော့ သူတို့ဟာ အာဆာအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန် ဆောင်ရွက်ခဲ့တာသာ ဖြစ်ပြီး လူမျိုးစု ရှင်းလင်းတာမျိုး လုပ်တာ မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။

ဒါပေမယ့် လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က မက်သယူးဝဲကတော့ ရခိုင်ဒေသမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိထားတယ်လို့ ပြောပါတယ်။

"ရွာအတော်များများမှာ အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်တွေ အစုလိုက်အပြုံလိုက် အသတ်ခံရတယ် ဆိုတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတလျှောက်က ရွာတွေမှာ လုံခြုံရေး တပ်ဖွဲ့တွေက ရိုဟင်ဂျာ အမျိုးသမီးကြီးငယ်တွေအပေါ် အဓမ္မ ပြုကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့သလို ရိုဟင်ဂျာရွာ ရာပေါင်းများစွာကို ပစ်မှတ်ထား အကွက်ချပြီး မီးရှို့ ဖျက်ဆီးမှုတွေ လုပ်ခဲ့တယ် ဆိုတာကို တွေ့ရပါတယ်" လို့ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က မက်သယူးဝဲက ပြောပါတယ်။

ဒီရာဇဝတ်မှုတွေအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင်တွေအထိ တာဝန်ရှိတယ်လို့ သူက ပြောပါတယ်။

လူသားထုတရပ်လုံးနဲ့ဆန့်ကျင်တဲ့ ရာဇဝတ် ပြစ်မှုအတွက် တာဝန်ရှိတယ် ဆိုပြီး လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ အစီရင်ခံစာက ဖော်ပြထားတဲ့ စာရင်းထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်း တိုင်းမှူး(ယခုဟောင်း) ဗိုလ်ချုပ် မောင်မောင်စိုး၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ တပ်မ ၃၃ ဗိုလ်မှူးချုပ် အောင်အောင်၊ တပ်မ ၉၉ ဗိုလ်မှူးချုပ် သန်းဦး၊ အမှတ် ၅၆၄ ခြေမြန်တင်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဝင်း၊ တပ်မ ၃၃ ဗိုလ်မှူး အောင်မိုးသူ၊ နယ်ခြားစောင့်တပ်ဖွဲ့ကရဲမှူးချုပ် သူရစန်းလွင်၊ နယ်ခြားစောင့်ရဲ အရာရှိ ကျော်ချေ၊ ရဲတပ်ကြပ်ကြီး ဘကျော်နဲ့ ရဲအရာရှိ ထွန်းနိုင်တို့ ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေး ခိုလှုံခဲ့ရတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ပြစ်မှု ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူဖို့ကိုလည်း အစီရင်ခံစာထဲမှာ တောင်းဆိုထားပါတယ်။

လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က မက်သယူးဝဲက "ပြစ်မှု ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ၀င်ပါဖို့ လိုပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေတွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်ပြဖို့ လိုပါတယ်" လို့ဆိုပါတယ်။

လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့အစီရင်ခံစာထဲမှာ ရခိုင်ဒေသမှာရှိတဲ့ ဒေသခံ ရခိုင်၊ မြို တိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေအပေါ် အာဆာအဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်မှုတွေအကြောင်းကိုလည်း အသေးစိတ် ဖော်ပြထားပါတယ်။