ကုလအထူးကိုယ်စားလှယ်က ဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်း တိုက်တွန်းမယ်

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor Office
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ အမြန် ပြန်လာ နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ တွေ့ဆုံတဲ့ အခါမှာလည်း တိုက်တွန်းသွားမယ် ဆိုပြီး မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘူဂနာ(Christine Schraner Burgener) မြန်မာတာဝန် ရှိသူတွေကို ပြောဆို ခဲ့ပါတယ်။
နေပြည်တော်မှာ ဇွန်လ ၁၄ ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ပြည်ထောင်စု ဝန်ကြီး အပါအဝင် တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲ လူသားချင်း နားလည်မှု ဆိုင်ရာ အကူအညီတွေ ကုလသမဂ္ဂဘက်က ပေးသွားမှာ ဖြစ်တဲ့ အပြင်၊ ပြန်လည် ထူထောင်ရေးကိစ္စတွေ အကောင်အထည် ဖေါ်ရာမှာလည်း လက်တွဲ ဆောင်ရွက်မယ် ဆိုပြီး မစ္စ ဘူဂနာ က ထပ်လောင်း ကတိပြု ခဲ့ပါတယ်။
မစ္စ ဘူဂနာဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့လည်း နေပြည်တော်မှာ ဇွန်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor Office
မြန်မာအစိုးရ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ် တဲ့ ရခိုင်ပြည်နယ် အရေး ဖြေရှင်းရာ မှာ ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရနဲ့အတူ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အရေး ကိုင်တွယ် ဖြေရှင်းတဲ့အခါ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ရေးမှာ အားကောင်းလာအောင် သူ့ အနေနဲ့ အပြုသဘောနဲ့ ကြားဝင် ဆောင်ရွက်ပေးမယ်လို့ မစ္စ ဘူဂနာကလည်း ပြောဆိုခဲ့ပါတယ်။
အဲဒီ တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ် အကျပ်အတည်း အကြောင်းသာမက ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ကိစ္စလုပ်ကိုင် ဆောင်ရွက်နေတဲ့ အခြေအနေတွေ ကိုလည်း အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။



မစ္စ ဘူဂနာရဲ့ အခု မြန်မာပြည်ခရီးစဉ်ဟာ မြန်မာအစိုးရကို တစုံတခု အကြံပြုဖို့ထက် အခြေအနေတွေကို လေ့လာသွားဖို့ အဓိက အာရုံစိုက်တယ် ဆိုပြီး ကုလသမဂ္ဂ ဌာနေ ညှိနှိုင်း ရေးမှူးရုံးရဲ့ တာဝန် ရှိသူတဦးဖြစ်တဲ့ မစ္စတာ စတန်နီစလပ်ဖ် ဆေးလင်းက ဘီဘီစီကို ပြောပါတယ်။
"ဒါဟာသူ့ရဲ့ပထမခရီးစဉ် ဖြစ်တဲ့အတွက် သက်ဆိုင်ရာ အဓိက တာဝန်ရှိသူတွေ အကြောင်းကို သိအောင်၊ နားလည်အောင်လုပ်တဲ့ အဆင့်ပဲရှိသေးတယ်လို့ ကျွန်တော်ထင်တယ်။ သူအများကြီး ပြောစရာမရှိသေးဘူး။ နားထောင်တဲ့ အချိန် ကာလ ဖြစ်တယ်။ နောက်ခရီးစဉ်တွေမှာတော့ ဒီတခေါက်နဲ့ မတူပဲ သူ့အနေအထားက ထူးခြားနိုင်တယ်။ ဒီပထမ ခရီးစဉ်မှာတော့ သူ့ကိုယ်သူ မိတ်ဆက်တာရယ်၊ အဓိက တာဝန်ရှိသူတွေပြောတာကို နားထောင်မယ်" ဆိုပြီး မစ္စတာ ဆေးလင်းက ဆိုပါတယ်။
မစ္စ ဘူဂနာဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ သံတမန် အသိုင်းအဝိုင်းက သူတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိပါတယ်။
မြန်မာခရီးစဉ်အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးဆက်မှာ ဖြစ်ပါတယ်။
ဒုက္ခသည်တွေ အမြန် လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး သူက ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းမယ်လို့ ကတိပေးတဲ့အတွက် ဒီလုပ်ငန်းစဉ် အကောင်အထည်ပေါ် အထမြောက်လာဖို့ အတိုင်းအတာ တခုအထိ မျှော်လင့်တယ် ဆိုပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။









