မြန်မာအရေးအတွက် ကုလအတွင်းရေးမှူးချုပ် ခန့်ထားသူ ရောက်လာတော့မယ်

ကုလ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်

ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ မစ္စတာ ဂူးတားရက်ရှ်ကို မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် တယောက်ခန့်အပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီအတွက် ဆွစ်ဇာလန် အမျိုးသမီး သံတမန် ခရစ္စတင်း ရှရနာ ဘာဂျီနာ (Christine Schraner Burgener)ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်ပြီး ဒီရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံကို သွားဖို့ ရှိနေပါတယ်။

သူ့ကို ပေးအပ်တဲ့ တာဝန် ရဲ့ အဓိက အစိတ်အပိုင်းကတော့ ရခိုင် အရေးနဲ့ ပတ်သက်လို့ မြန်မာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ အထောက်အကူပြုစေဖို့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ခန့်အပ်ခဲ့တာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ် ဦးဟောက်ဒိုဆွမ်း က ပြောပါတယ်။

သူဟာ ဒီရာထူးကို လက်ခံမယူခင် ဂျာမနီဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး ၊ ထိုင်းနိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး စတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးတယ်လို့ ဦးဟောက်ဒိုဆွမ်း က ဆိုပါတယ်။

နောက်ကြောင်းကို ကြည့်ပြန်ရင်လည်း ဂျပန်နိုင်ငံမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးသလို အာရှရေးရာနဲ့ ပတ်သက်လို့ ဆွစ်ဇာလန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အတွေ့အကြုံ တွေ ရှိသူ တယောက် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် မစ္စ ဘာဂျီနာရဲ့ ခင်ပွန်း ဖြစ်သူကိုယ်တိုင်က မြန်မာနိုင်ငံမှာ သံအမတ် အနေနဲ့ နှစ် အတန်ကြာ တာဝန်ထမ်းခဲ့ဖူးပြီး သူဘန်ကောက်မှာ တာဝန်ထမ်းဆောင်စဉ် အချိန် အတွင်းမှာလည်း မြန်မာနိုင်ငံ ဆီ မကြာခဏ လာရောက်ခဲ့တဲ့ အပြင် မြန်မာနိုင်ငံ အပေါ် မှာ အထူး စိတ်ဝင်စားမှု ရှိတဲ့ ပုဂ္ဂိုလ် တယောက်လို့ ဆိုနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး က ပြောပါတယ်။

သူနဲ့ တွေ့ချိန်မှာ သူ့ပြောကြားချက် ကတော့ လောလောဆယ် ရင်ဆိုင် နေရတဲ့ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး စာနာ နားလည်တဲ့ သဘော ရှိပုံရပြီး ကုလသမဂ္ဂနဲ့ မြန်မာ နိုင်ငံ အကြား အပြု သဘောဆောင်တဲ့ ဖက်က ကူညီ ပံ့ပိုးနိုင်ဖို့ ၊ ရခိုင် ကိစ္စ ဖြေရှင်းရာမှာ ကုလသမဂ္ဂနဲ့ မြန်မာ နိုင်ငံ နှစ်ဉီးနှစ်ဖက်ကြား အဆင်ပြေမှု ရအောင် အဖြေရဖို့ ပံ့ပိုး ကူညီချင်တဲ့ စေတနာ ရှိပုံရတယ်လို့ ဦးဟောက်ဒိုဆွမ်း က ဆိုပါတယ်။

ကုသလမဂ္ဂ

ဓာတ်ပုံ ရင်းမြစ်, United Nations Information Centre Yangon

ဓာတ်ပုံ ပုံစာ, မြန်မာအရေးအတွက် ကုလသမဂ္ဂ က အထူးကိုယ်စားလှယ် ခန့်လိုက်ပြီ

မစ္စဘာဂျီနာ အနေနဲ့ အဓိက ကတော့ ရခိုင် ကိစ္စ တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အကောင်အထည် ဖော်ရာမှာလဲ သူက ပံ့ပိုး ကူညီဖို့ နဲ့ ဆက်နွယ်နေတဲ့ လူ့အခွင့်အရေး ကိစ္စတွေ နဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကိစ္စတွေမှာ သူက တနည်း တလမ်းအားဖြင့် ကုလသမဂ္ဂနဲ့ မြန်မာ ကြား ဖြည့်ဆည်း ဆောင်ရွက်ပေးမဲ့ သဘောပါပေမယ့် အတိအကျတော့ ဘာတွေ လုပ်ဆောင်ရမလဲ ဆိုတာ သတ်မှတ် မထားပါဘူးလို့ သံအမတ်ကြီး က ပြောပါတယ်။

မစ္စ ရန်ဟီးလီ လက်ထက်တုန်းက မြန်မာ အစိုးရနဲ့ အဆင်မပြေတာတွေ ရှိခဲ့ပေမယ့် ရန်ဟီးလီ ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က ခန့်ထားတဲ့ အထူး အစီရင်ခံစာ တင်သွင်းသူ အဆင့်သာ ရှိပြီး အခု မစ္စ ဘာဂျီနာ ကတော့ ကုသလမဂ္ဂ အတွင်းရေးမှူးချုပ်က ခန့်ထားတဲ့ အထူး ကိုယ်စားလှယ်မို့ သူ့လုပ်ပိုင်ခွင့် က ပိုပြီး ကျယ်ပြန့်ကြောင်း ၊ လူ့အခွင့်အရေး ကိစ္စ တခုထဲ မဟုတ်ဘဲ မြန်မာ နိုင်ငံ ဆိုင်ရာ ကိစ္စ အ၀ဝ အတွက် အတွင်းရေးမှူးချုပ်က ခန့်ထားသူ ဖြစ်တာကြောင့် အတွင်းရေးမှူးချုပ်နဲ့ မြန်မာ အစိုးရကြား ဆက်သွယ် ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။

တကယ်လို့ ရန်ဟီးလီ လက်ထက်တုန်းကလို မြန်မာ အစိုးရအရအပေါ် တင်းမာမှုတွေ လုပ်လာရင် မြန်မာ အနေနဲ့ အချုပ်အချာပိုင် နိုင်ငံ တခု ဖြစ်တာကြောင့် ဒါမျိုး လုပ်လို့ မရကြောင်း ၊ သူကလည်း ဒီသဘောတွေကို သိမှာ ဖြစ်ပြီး ပြဿနာတွေရဲ့ သိမ်မွေ့မှု ၊ ရခိုင် ကိစ္စရဲ့ နက်နဲတဲ့ အခြေအနေ ရှုတ်ထွေးတဲ့ သဘာ၀ အပြင် ပြည်တွင်း ငြိမ်းချမ်းရေး ရဲ့ နက်ရှိုင်းတဲ့ သဘာ၀ ၊ မြန်မာ နိုင်ငံ ရဲ့ ထိရှလွယ်တဲ့ အခြေအနေ တွေကို သူသဘောပေါက်မှာ ဖြစ်ကြောင်း ၊ ဒါ့အပြင် အတွေ့အကြုံ ရင့်ကျက်မှု ရှိတဲ့ သံအမတ် တယောက် အနေနဲ့ အခြေအနေတွေကို ကြည့်ပြီး အကောင်းဆုံး ဆုံးဖြတ် ဆောင်ရွက်သွားလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ် ဦးဟောက်ဒိုဆွမ်း က ပြောပါတယ်။