မကွေးတိုင်း ရေကြီးမှု လူ ၃ ယောက်သေဆုံး

မကွေးတိုင်း စကု၊ စလင်း၊ ပွင့်ဖြူ မြို့တွေမှာ ကလေးတယောက်နဲ့ အမျိုးသား ၂ ယောက် စုစုပေါင်း လူ ၃ ယောက်သေဆုံးခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြင့်စိုးက ဘီဘီစီကို ပြောပါတယ်။

မကွေးတိုင်းအတွင်းရှိ တခြားမြို့နယ်တွေဖြစ်ကြတဲ့ မင်းဘူး၊ သရက်၊ ပခုက္ကူ၊ ကံမ၊ ဂန့်ဂေါ၊ ဆိပ်ဖြူ၊ စေတုတ္တရာ၊ ငဖဲ စတဲ့မြို့တွေမှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပါတယ်။

မိုးဆက်တိုက်ရွာသွန်းလို့ ချောင်းရေလျှံတဲ့အပြင် ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေကနေ စီးဆင်းကျလာတဲ့ တောင်ကျရေတွေကြောင့်လည်း ရေကြီးရေလျှံမှုတွေကို ပိုဆိုးစေပါတယ်။

ရေကြီးရေလျှံမှုကြောင့် နေအိမ်ပျက်စီးတာတွေလည်းရှိပြီး မင်းဘူးမြို့မှာ ရေဘေး ကယ်ဆယ်ရေးစခန်းတခုကို ဇွန်လ ၁၁ ရက်နေ့က စတင်ဖွင့်လှစ်ထားရတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြင့်စိုးက ပြောပါတယ်။

တောင်ကျချောင်းတွေစီးလို့ ကားလမ်းပိုင်းတွေမှာပါရေလျှံပြီး ဆက်သွယ်သွားလာဖို့ စောင့်ဆိုင်း ရတာကြောင့် ကားတွေပိတ်မိနေပြီး လမ်းခရီးမှာ ၃ နာရီနီးပါး ကြန့်ကြာရတယ်လို့ မကွေးမြို့နဲ့ ငဖဲမြို့ကိူ ခရီးသည်တင်ယာဉ် မောင်းနှင်ပို့ဆောင်ပေးနေတဲ့ ကိုဗလကြီးက ပြောပါတယ်။

မင်းဘူးမြို့နယ်မှာလည်း လမ်းပိုင်းရေကျော်နေလို့ ကားတွေဖြတ်ကူးရာ တောင်ကျချောင်းရေ အရှိန်နဲ့ ကားတစင်း မျောပါခဲ့တယ်လို့လည်း လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။.

မိုးရေချိန်ဟာ ခါတိုင်းနှစ်တွေထက်များပြီး ချောင်းကြမ်းပြင်တွေကလည်းမြင့်တက်နေတာကြောင့် ချောင်း ရိုးတွေမှာ ရေပြည့်လျှံတဲ့အပြင် ချောင်းရေတိုက်စားလို့ တံတားတွေပါ ပြုတ်ထွက်မျောပါတာကို တွေ့ရတယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ဆိုပါတယ်။