ဖားကန့် ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်မှာ မီးရှို့မှုဖြစ်

ဖားကန့်
ဓာတ်ပုံ ပုံစာ, လခ ညှိနှိုင်းတာ အဆင်မပြေ ဖြစ်ပြီး မီးရှို့မှုတွေဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းရွာနားမှာ တောက်ပကြယ် ကုမ္ပဏီ နာမည်ခံပြီး ကျော်နိုင်နဲ့ ညီများ ကုမ္ပဏီက လုပ်နေတဲ့ ကျောက်စိမ်း ကုမ္ပဏီလုပ်ကွက်မှာ မေလ ၁၃ ရက် ညနေက ဝန်ထမ်းတွေရဲ့ လခ ညှိနှိုင်းတာ အဆင်မပြေ ဖြစ်ပြီး မီးရှို့မှုတွေ ဖြစ်သလို ကုမ္ပဏီရဲ့ ကျောက်စိမ်း ဂိုထောင်ကို ပြင်ပက လူတွေကနေ ဖေါက်ထွင်း လုယက်ခဲ့ရာမှာ ရဲတပ်ရင်းက ပစ်ခတ်ခဲ့လို့ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

လူ ၇ ဦး သေပြီး ပျက်စီးဆုံးရှုံးမှု သိန်း ၅ထောင်လောက် ရှိတယ်လို့ ခန့်မှန်းတယ်လို့ လုံးခင်း ဒေသခံက ပြောပေမယ့် လုံးခင်းရဲစခန်း တာဝန်ကျ ရဲအရာရှိ အပြောအရတော့ တဦး သေဆုံးပြီး ၃ဦး ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်မှာ ကိုယ်တိုင် ပါဝင်ခဲ့သူ ၄၉ ယောက်ကို အကျိုးဖျက်ဆီးမှု ပိုင်နက်ကျူးလွန်မှု၊ လုယက်မှု စတဲ့ ပုဒ်မ ၆ ခုနဲ့ အမှု ဖွင့်ထားသလို နောက်ထပ်လည်း ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးဖို့ ရှိနေသေးတယ်လို့ လုံးခင်းစခန်းက ဆိုပါတယ်။

ဖားကန့်
ဓာတ်ပုံ ပုံစာ, ဂိုထောင်ကို ပြင်ပက လူတွေကနေ ဖေါက်ထွင်း လုယက်

ဖမ်းဆီးထားသူတွေထဲမှာ ဝန်ထမ်းတွေရော၊ အရပ်သားတွေ ပါပါတယ်လို့ ပြောပါတယ်။

ဖားကန့်မှာ မကြာခင် မိုးရာသီ ဖြစ်တော့မှာမို့ လုပ်ကွက်တွေ နားပြီး လုပ်သားတွေ အိမ်ပြန်ကြမယ့်အချိန်မှာ လုပ်အားခ လစာတွေ ရှင်းရင်း အချိန်ပိုကြေး သတ်မှတ်တာ မပြေလည်ရာက နှစ်ဖက် ညှိနိုင်းမရလို့ ခုလို ပြဿနာတွေ တက်ခဲ့တာ ဖြစ်ပါတယ်။

တောက်ပကြယ်နဲ့ ကျော်နိုင်နဲ့ညီများ ကုမ္ပဏီ နှစ်ခုပေါင်းရင် အလုပ်သမားဝန်ထမ်း ၂ထောင်ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။