ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆန္ဒပြ ကချင်လူငယ်တွေနဲ့ ပြည်နယ်ဝန်ကြီးချုပ် ဆွေးနွေး
ကချင်ပြည်နယ် တိုက်ပွဲတွေတွင်း ပိတ်မိနေတဲ့ အရပ်သားတွေ ကယ်ထုတ်ရေး အတွက် မြစ်ကြီးနားမြို့ပေါ် တောင်းဆို ဆန္ဒပြ နေကြတဲ့ လူငယ်တွေနဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့ မနေ့ညပိုင်း (မေ ၃ ရက် ညပိုင်း) ဆွေးနွေး ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို အမြန်ဆုံး ဆောင်ရွက်ပေးမယ် ဆိုတဲ့ အတိအကျ ကတိကဝတ်မျိုး မရခဲ့ဘူးလို့ ဦးဆောင် ဆွေးနွေးသူတွေက ဘီဘီစီကို ပြောပါတယ်။
ပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ကတော့ ကချင်ပြည်နယ် အစိုးရကိုယ်တိုင်လည်း တိုက်ပွဲအတွင်း ပိတ်မိ နေသူတွေကို ကယ်ထုတ်ဖို့ ဆန္ဒပြသူတွေနဲ့ ထပ်တူ ဆန္ဒ ရှိတယ်လို့ ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။
ပိတ်မိနေတဲ့ ဒုက္ခသည်တွေ အရေး အစိုးရဘက်က ဘာတွေ လုပ်ဆောင် ပေးမယ် ဆိုတဲ့ ကတိမျိုး တိတိကျကျ ရလာရင် ဆန္ဒပြမှုကို ရုပ်သိမ်းပေးဖို့ အသင့်ပဲလို့ လူငယ် အဖွဲ့ တာဝန်ခံ တယောက် ဖြစ်တဲ့ မဆွတ်ဆိုင်းထွယ်က ဘီဘီစီကို ပြောပါတယ်။
အစိုးရစစ်တပ်နဲ့ ကချင် လက်နက်ကိုင် ကေအိုင်အေ တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေတွင်း အရပ်သားတွေ ထောင်နဲ့ချီ ပိတ်မိ နေတာဖြစ်ပါတယ်။
သူတို့တွေကို ကယ်ထုတ်ပေးဖို့ ဧပြီလ ၃ဝ ရက်ကတည်းက လူငယ်တွေဟာ မြစ်ကြီးနားမြို့မှာ ချီတက် တောင်းဆိုခဲ့ကြသလို ထိုင်သပိတ်စခန်းဖွင့်ပြီး ဆုတောင်းတာတွေ အပါအဝင် ပုံစံအမျိုးမျိုးနဲ့ တောင်းဆို နေကြပါတယ်။
ဆန္ဒပြသူတွေ လူစုခွဲပေးဖို့ ရဲတပ်ဖွဲ့က လာရောက်ပြောဆို ခဲ့တာတွေ ဆက်တိုက် ဆိုသလို ရှိခဲ့ပြီး၊ ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အစိုးရ အဖွဲ့ဝင်တွေ ဆန္ဒပြ လူငယ်တွေနဲ့ကြား ဆွေးနွေး လာတာ ဖြစ်ပါတယ်။
စစ်ဘေး ဒုက္ခသည်တွေကို ကယ်ထုတ်ရေးမှာ ပြည်နယ် အစိုးရရဲ့ သဘောဆန္ဒ တစ်ခုတည်းနဲ့ မပြီးပဲ စစ်တပ်နဲ့ ညှိနှိုင်း ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြည်နယ် အစိုးရက ပြောနေပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမှာလည်း ကချင်စစ်ဘေးရှောင်တွေကို ကူညီပေးဖို့ ကယန်းလူငယ်တွေက တောင်းဆိုခဲ့ကြသလို၊ ရန်ကုန်မှာလည်း ဗကသ နဲ့ လူဘောင်သစ်လူငယ်တွေ ဦးဆောင်ပြီး တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။