ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်မိသားစုများ မူးယစ်ဆေးဝါး သစ်မှောင်ခိုမှု မပတ်သက်ရန် ဒုတပ်ချုပ် သတိပေး
တပ်မတော်သားတွေအပါအဝင် တပ်မတော် မိသားစုတွေအနေနဲ့ မူးယစ်ဆေးဝါးနဲ့ သစ်မှောင်ခိုလုပ်ငန်းတွေမှာ မပတ်သတ်ကြဖို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သတိပေး ပြောဆိုလိုက်ပါတယ်။
ဧပြီလ ၇ ရက်နေ့က ဗထူးတပ်နယ်မှာ တပ်နယ်မိသားစုတွေနဲ့ တွေ့ဆုံမှာ ပြောဆိုခဲ့တာပါ။
စစ်သည်ကျင့်ဝတ်လိုက်နာရေးကိုလည်း တိုက်တွန်းခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အဓိကအားဖြင့် ရှမ်းပြည်နယ်ဟာ ဘိန်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ကမ္ဘာကပါ သိတဲ့အတွက် အဲဒီအနေအထားအပေါ်မှာ ပတ်သက်မှု မရှိကြဖို့ ရှမ်းပြည်ရောက်တုန်း သတိပေးတယ်ထင်ပါတယ် လို့ ရှမ်းပြည်အရေး လေ့လာနေသူ ကိုမိုးက မှတ်ချက်ပြု ပြောဆိုပါတယ်။
တပ်နဲ့ ပတ်သက်တဲ့ ပြည်သူ့စစ်အဖွဲ့အချို့ကို မူးယစ်ဆေးဝါး ဘိန်းစိုက်ပျိုးမှုတွေနဲ့ ပတ်သက်တယ်လို့ အချို့ မူးယစ်ဆေးဝါး ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ စွပ်စွဲမှုတွေလည်း ရှိ ရှိခဲ့ဖူးတာပါ။
တပ်မိသားစု သက်သာချေင်ချိရေးနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို သက်သာစေဖို့အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေ အောင်မြင်စွာ အကောင်ထည်ဖော်ဆောင်ရွက်ဖို့လည်း ဒုတပ်ချုပ်က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင်တပ်မတော်သားတွေအနေနဲ့ လူမှုကွန်ယက်စာမျက်နှာတွေကို သုံးစွဲရာမှာ လုံခြုံရေး မကျိုးပေါက်စေ သတိပြုဆင်ခြင်ကြဖို့နဲ့လည်း တိုက်တွန်းထားတာပါ။
ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်ကိုသွားရောက်ခဲ့တဲ့ ဒုတိယ တပ်ချုပ်ဟာ ဒေသတွင်းက ထင်ရှားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ခေါင်းဆောင် ဦးအောင်ခမ်းထီနဲ့ တွေ့ဆုံခဲ့တယ်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။