ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသစ်နဲ့ ဒုဥက္ကဋ္ဌသစ် ရွေးချယ်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နုတ်ထွက်သွားတဲ့အတွက် လစ်လပ် လွှတ်တော် ဥက္ကဋ္ဌ ရာထူးအတွက် ရွေးချယ်မှုကို မတ်လ ၂၂ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ရာမှာ ကွတ်ခိုင်မြို့နယ် ပြည်သူ့ကိုယ်စားလှယ်နဲ့ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ရွေးချယ်ခံခဲ့ရပါတယ်။
ဥက္ကဋ္ဌ ရာထူးအတွက် အဆိုပြုသူ ၂ ဦးရှိခဲ့ပြီး ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
အန်အယ်လ်ဒီအများစု ကြီးစိုးတဲ့ လွှတ်တော်မှာ မတ်လ ၂၂ ရက်နေ့ မဲပေးမှုတွေအတွက် မဲပေးခွင့်ရှိသူ ၄၁၂ ဦးရှိတဲ့အနက် ထောက်ခံမဲ ၂၈၀ မဲကို ဦးတီခွန်မြတ်က ရရှိခဲ့တာပါ။
အစဉ်အလာအရ ကချင်ဒေသတွေကို အုပ်ချုပ်ခဲ့တဲ့ ဒူဝါမျိုးနွယ်ကနေ ဆင်းသက်လာသူ ဦးတီခွန်မြတ်ဟာ ရှေ့နေချုပ်ရုံးမှာ ညွှန်မှူးအဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ ကွတ်ခိုင်နယ်သား ဦးတီခွန်မြတ်ဟာ ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။
အန်အယ်လ်ဒီအများစုရှိတဲ့ ဒုတိယအကြိမ်လွှတ်တော် ပြန်စတော့ သူဟာ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ အခုတော့ လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာတာပါ။
ဦးတီခွန်မြတ်ဟာ ယခင်က ကွတ်ခိုင်ဒေသက ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း တဦးလည်းဖြစ်ပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြည်ခိုင်ဖြိုးပါတီကနေ နုတ်ထွက်ခဲ့သူပါ။
ဒီချုပ်အစိုးရလက်ထက် ဖွဲ့စည်းခဲ့တဲ့ ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းများ လေ့လာ စိစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ကချင်တိုင်းရင်းသား တဦး လည်း ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရာထူးအတွက် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးတီခွန်မြတ်က ဝင်ရောက်ရွေးချယ်ရာမှာ ရွေးချယ်ခံရတဲ့အတွက် လစ်လပ် ဒုတိယ ဥက္ကဋ္ဌ ရာထူးအတွက် ရွေးချယ်မှုကို ဆက်လက်ပြုလုပ်ခဲ့ရာမှာ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်ဟိန်က ရွေးချယ်ခံခဲ့ရပါတယ်။
ဦးထွန်းထွန်းဟိန်ဟာ အန်အယ်လ်ဒီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးလည်း ဖြစ်သလို လက်ရှိ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။