စစ်ဘေးသင့်ပြည်သူနဲ့ ယုံကြည်မှုတည်ဆောက်ဖို့လို ကေအန်ယူ ဗိုလ်ချုပ်ပြော

ဓာတ်ပုံ ရင်းမြစ်, JMC- Facebook
ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးပူးတွဲကော်မတီ JMC-U ရဲ့ အရေးကြီးဆုံးအချက်တချက်ဖြစ်တဲ့ နှစ်ဖက်ယုံကြည်မှုတည်ဆောက်ရေးမှာ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်အကြားသာမကပဲ ပြည်သူလူထုနဲ့လည်း ယုံကြည်မှုတည်ဆောက်ဖို့လိုတယ်လို့ JMC-U အဖွဲ့ရဲ့ ဒု-ဥက္ကဌ ဗိုလ်ချုပ်စောအိုက်ဇက်ဖိုး က ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်အကြားဖြစ်ပွားခဲ့တဲ့ ပြည်တွင်းကလက်နက်ကိုင်ပဋ္ဋိပက္ခကြောင့် စစ်ဘေးဒဏ်ကို နှစ်နဲ့ချီခံစားရတဲ့ ဒေသခံရွာသူရွာသားတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်မှုက အရေးကြီးတယ်လို့ ဗိုလ်ချုပ်စောအားဇက်ဖိုး က မတ်လ ၂၁ ရက်နေ့ ရန်ကုန်မြို့မှာ စတင်ကျင်းပတဲ့ JMC-U မှာ ပြောကြားခဲ့ပါတယ်။
မတ်လအစောပိုင်းမှာ ကရင်ပြည်နယ်ဖာပွန်ခရိုင်က ကရင်အမျိုးအသားအစည်းအရုံး ကေအန်ယူရဲ့တပ်မဟာ ၅ တပ်ဖွဲ့နဲ့ အစိုးရတပ်တွေကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲငယ်တွေကြောင့် ဒေသခံကရင်ရွာသား ၂၀၀၀ လောက်ဟာ တောထဲမှာထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီအကြောင်းကိုလည်း JMC-U အစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ကေအန်ယူရဲ့ ခေါင်းဆောင်တစ်ယောက်လည်းဖြစ်တဲ့ ဗိုလ်ချုပ်စောအိုက်ဇက်ဖိုး က "ယုံကြည်မှုတည်ဆောက်ရာမှာ ကျနော်တို့လက်နက်ကိုင်နဲ့ အစိုးရနှစ်ဖွဲ့အကြား တည်ဆောက်တာမဟုတ်ပဲနဲ့ သက်ဆိုင်ရာဒေသခံပြည်သူလူထုတွေလည်းပါဝင်တယ်ဆိုတာ သတိပြုဖို့လိုအပ်ပါတယ်" လို့ ပြောပါတယ်။
"ဒေသခံပြည်သူလူထုတွေ ကျနော်တို့လက်နက်ကိုင်ပဋ္ဋိပက္ခတွေရဲ့ မကောင်းတဲ့အကျိုးဆက်တွေကို ခေတ်အဆက်ဆက်မှာ ခံစားလာခဲ့ရတာပါ။ ဒါကြောင့်သူတို့ရဲ့စိတ်ထဲမှာ ကြောက်စိတ်၊ စိုးရိမ်စိတ်တွေ လွှမ်းမိုးနေဆဲပဲရှိပါသေးတယ်။ ကျနော်တို့လှုပ်ရှားမှုတိုင်းဟာ သူတို့ရဲ့ဆန္ဒမပါဝင်ရင် ကျနော်တို့ရဲ့ အန်စီအေနဲ့ JMC အကောင်အထည်ဖေါ်မှုတွေမှာ သူတို့ရဲ့ရှိပြီးသားယုံကြည်မှုတွေဟာ ပျက်ပြားသွားနိုင်ပါတယ်။ ဒါကိုလည်း နှစ်ဖက်လေးလေးနက်နက်စဉ်စားဖို့လိုအပ်ပါတယ်" လို့ စောအိုက်ဇက်ဖိုးက ပြောပါတယ်။
ဒါ့အပြင် သူက အန်စီအေနဲ့ JMC အကောင်အထည်ဖေါ်ရာမှာ အရေးကြီးတဲ့အချက်တချက်ဖြစ်တဲ့ ညှိနှိုင်းအဖြေရှာမှုမှာလည်း နည်းပညာတွေပဲရှေ့ရောက်ပြီး လက်တွေ့မြေပြင်မှာ ညှိနှိုင်းအကောင်အထည်မှုလုပ်ရမယ့်အပိုင်းတွေမှာ အားနည်းချက်တွေရှိနေတယ်လို့ဆိုပါတယ်။ ညှိနှိုင်းအဖြေရှာရာမှာ တရားဝင်စာနဲ့ပေနဲ့သာမကပဲ လူချင်းတွေ့ဆုံဆွေးနွေးဖို့လိုအပ်ပါတယ်လို့ ထောက်ပြသွားပါတယ်။




