ရခိုင်ပဋိပက္ခ လူမျိုးရှင်းလင်းရေး မြောက်တယ်လို့ ကန်သံအမတ်ပြော

ဓာတ်ပုံ ရင်းမြစ်, US embassy Rangoon
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ အပေါ် တိုက်ခိုက်ခဲ့တဲ့ ပဋိပက္ခမှာ မြန်မာ လုံခြုံရေးတပ်တွေက အင်အား အလွန်အကျွံ သုံးခဲ့ပြီး ဒါဟာ လူမျိုး ရှင်းလင်းရေး ဖြစ်ပွားခဲ့တာလို့ မှတ်ယူကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့ထ် မာစီးရယ် က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး မစ္စတာ Scot Marciel နဲ့ ဘီဘီစီ သီးသန့် တွေ့ဆုံ မေးမြန်းရာမှာ သံအမတ်ကြီးက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
သူတို့ အနေနဲ့ ဒီဒေသမှာ Ethnic Cleansing လူမျိုးရှင်းလင်းရေး ဖြစ်ပွားခဲ့တယ်လို့ မှတ်ယူကြောင်း ၊ ARSA ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်ခဲ့တဲ့ အစိုးရ စစ်ဆင်ရေးတွေဟာ အင်အားကို လိုတာထက် ပိုသုံးခဲ့ပြီး သိသာတဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တဲ့ အတွက် လူမျိုး ရှင်းလင်းရေး မြောက်တယ်လို့ ယူဆကြောင်းနဲ့ အင်အားကို အလွန်အကျွံ သုံးတာ ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ သက်သေ အထောက် အထားတွေ ရှိကြောင်း ဒါတွေကြောင့် နိုင်ငံတကာက စိုးရိမ်နေတာလို့ သူက ဆိုပါတယ်။
ကနဦး ARSA အာဆာရဲ့ တိုက်ခိုက်မှုကို သူတို့အနေနဲ့ ရှုတ်ချပြီး ဒီအပေါ် စာနာမှု ရှိစရာလည်း မလို ၊ လုံး၀လည်း မထောက်ခံပေမယ့် စစ်တပ်နဲ့ လုံခြုံရေး အဖွဲ့တွေက အင်အား အလွန်အကျွံ သုံးတယ်လို့ မြင်ကြောင်း ၊ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး တာဝန်ခံဖို့ ၊ တာဝန်ယူဖို့ လိုကြောင်း သူက ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တေလာဆင် က ဒီကိစ္စကို ဆန်းစစ်ပြီး လူမျိုး ရှင်းလင်းရေးလို့ အတည်ပြုလိုက်တယ်လို့လည်း မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့ထ် မာစီးရယ်လ် က ပြောပါတယ်။
ဒီဖြစ်ပျက်မှုတွေကို မြန်မာ အစိုးရနဲ့ ပြည်သူတွေက ဖော်ထုတ်ဖို့ မျှော်လင့်ကြောင်းနဲ့ ဒီလို လုပ်ဆောင်ဖို့ အတွက် အဲဒီ စစ်ဆင်ရေးမှာ တိုက်ရိုက်ပါဝင် ပတ်သက်တဲ့ ပုဂ္ဂိုလ် တယောက်ကို ပစ်မှတ်ထား ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှု လုပ်ခဲ့ကြောင်း ၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ တခြား ပုဂ္ဂိုလ်တွေလည်း ရှိနေနိုင်ပြီး ဒီလူတွေကိုလည်း ပစ်မှတ်ထား ဒဏ်ခတ်မှု လုပ်ကောင်း လုပ်လာနိုင်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တိုက်ရိုက် ညွှန်ကြားသူ ၊ လုပ်ဆောင်သူတွေ ဘယ်သူတွေ ပါဝင် ပတ်သက်တယ် ဆိုတာ သက်သေ ခိုင်ခိုင်လုံလုံ ဆန်းစစ်နေပြီး သူတို့ကိုလည်း ပစ်မှတ်ထား ဒဏ်ခတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို အရမ်း လေးစားပြီး အရွေးချယ်ခံ အစိုးရ အဖွဲ့ခေါင်းဆောင် တယောက် အနေနဲ့ သူဘာဆက်လုပ်မလဲ ဆိုတာ လူတွေက စောင့်ကြည်နေတာဟာ သဘာဝ ကျလှပြီး သူ့အနေနဲ့ ရခိုင် အရေးနဲ့ ပတ်သက်လို့ ထိရောက်အောင် မစွမ်းဆောင်နိုင်လို့ သူလဲ လက်ရှိမှာ ဝေဖန် ခံနေရတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
ဒီလို အခြေအနေမျိုးမှာ ဒီကိစ္စကို အရေးယူဖို့ ဆိုတာဟာ အစိုးရရဲ့ တာဝန်လို့ ထင်ကြောင်းနဲ့ ဒီပြဿနာကို အစိုးရက အချိန်တွေ အများကြီးသုံးခဲ့ပေမယ့် တိုးတက်မှု မရှိမခြင်း ဝေဖန်မှုတွေကတော့ ဆက်ရှိသွားအုံးမှာပါလို့ သူက ဆိုပါတယ်။
ဒါ့အပြင် ပဋိပက္ခ ဖြစ်ရာ နေရာကို ကိုယ်တိုင် သွားကြည့်ခွင့် မရတဲ့ အပေါ် လူအများရဲ့ ဝေဖန် မှုတွေ ဆက်လက် မြင့်တက်လျက် ရှိတယ်လို့ သံအမတ်ကြီးမစ္စတာ Scot Marciel က ထောက်ပြ ပြောဆိုခဲ့ပါတယ်။








