ရခိုင်အရေး အများကလက်ခံနိုင်တဲ့ စုံစမ်းမှု ပြုလုပ်ဖို့လို

ရခိုင်အရေး
ဓာတ်ပုံ ပုံစာ, ဖြစ်ပျက် ခဲ့တာတွေဟာ အင်မတန် ထိတ်လန့်ဖွယ် ကောင်း

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ်တေလာဆင်က ရခိုင် အကြပ်အတည်းနဲ့ ပတ်သက်ပြီး အများက ယုံကြည် လက်ခံနိုင်မယ့် လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှု ပြုလုပ်ဖို့ သူ့ရဲ့ မြန်မာ နိုင်ငံ တစ်ရက်တာ ခရီးစဉ် အတွင်း အထူး အလေးပေးပြီး ပြောဆို ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့ ဒုက္ခတွေကြောင့် အမေရိကန် အနေနဲ့ အင်မတန် စိတ်မသက်မသာ ဖြစ်ရတယ်လို့ မစ္စတာ တေလာဆင်က ပြောဆို ခဲ့ပြီး၊ ဖြစ်ပျက် ခဲ့တာတွေကို တွေ့နေရတာတွေဟာ အင်မတန် ထိတ်လန့်ဖွယ်ရာ ကောင်းတယ် လို့လည်း ဝန်ကြီး တေလာဆင်က သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမယ့်လည်း ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အပေါ် စီးပွားရေး အရ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ဖို့ အတွက်တော့ သူ့အနေနဲ့ အခုအချိန်မှာ အကြံမပြု လိုသေးဘူးလို့ ဝန်ကြီး တေလာဆင်က ဆိုပါတယ်။

ရခိုင်အရေး
ဓာတ်ပုံ ပုံစာ, မစ္စတာ တေလာဆင်ဘက်က နားလည်မှု ရှိတဲ့အပေါ် ကျေးဇူးတယ်ကြောင်း ပြော

ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်သူတွေ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ ပေါ်လွင်လာတဲ့ အခါ တိတိကျကျ ရည်ရွယ်ချမှတ်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ပြုလုပ် နိုင်စွမ်း ရှိလာမယ်လို့ ဝန်ကြီး တေလာဆင်က ယူဆ ထားပါတယ်။

ဒါ့ကြောင့်လည်း အများက ယုံကြည် စိတ်ချနိုင်မယ့် စုံစမ်းမှုတွေ ပြုလုပ်ဖို့ မစ္စတာ တေလာဆင်က ဆော်ဩ နေတာ ဖြစ်တယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေးရုံး ဆိုင်ရာ ဘီဘီစီ သတင်းထောက် Barbara Plett Usher က ဆိုပါတယ်။

မစ္စတာ တေလာဆင်ဟာ သူ့ရဲ့ မြန်မာပြည် တစ်နေ့တာ ခရီးစဉ် အတွင်းမှာ အရပ်သား အစိုးရကို လက်တွေ့ ဦးဆောင်မှု ပေးနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ရော မြန်မာ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါသီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်အရေး
ဓာတ်ပုံ ပုံစာ, လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကျူးလွန် ခဲ့ဘူး ဆိုပြီး ယတိပြတ် ငြင်းဆို

ဘင်္ဂလာဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး ခဲ့ကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ရာ အမေရိကန် အနေနဲ့ အကူအညီတွေ ပိုပြီး ပေးသွားမယ်လို့ ဝန်ကြီး တေလာဆင်က သူ့ရဲ့ ခရီးစဉ် အပြီး ကတိပေး ပြောဆို ခဲ့ပါတယ်။

မစ္စတာ တေလာဆင်နဲ့ အတူ ပူးတွဲလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကလည်း ရခိုင်ပြည်နယ်မှာ ဖြစ်ပျက် တာတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ နှုတ်ဆိတ်ပြီး နေနေတာ မဟုတ်ဘူး ဆိုပြီး ငြင်းဆိုပါတယ်။

အဖြစ်မှန်တွေကို တိတိကျကျ သိလိုတယ်၊ ပဋိပက္ခတွေ ပိုဆိုးရွားမှာ မျိုးကို မလိုလားဘူး လို့လည်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အပေါ်ကိုသာ အာရုံစိုက် ဆောင်ရွက်မယ် ဆိုရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာတို့နဲ့ အတူ မြန်မာ နိုင်ငံ အနေနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာတွေဟာ စိတ်ဝင် စားဖို့ ကောင်းတယ်လို့ Barbara Plett Usher က ဆိုပါတယ်။

ဗီဒီယို ပုံစာ, မစ္စတာ တေလာဆင် သတင်းစာရှင်းလင်းပွဲ

ဒီ လမ်းကြောင်းဟာ မစ္စတာ တေလာဆင် ချည်းကပ်တဲ့ လမ်းကြောင်း ဖြစ်နိုင်တယ်၊ ဒါ့ကြောင့် မစ္စတာ တေလာဆင်ဘက်က စိတ်ကို တယူသန် မထားပဲ နားလည်မှု ရှိတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတယ်ကြောင်း ပြောသွားတာ ဖြစ်နိုင်တယ်လို့ Barbara Plett Usher က သုံးသပ် ပါတယ်။

ရခိုင်အရေး ပြဿနာဟာ အင်မတန် ရှုပ်ထွေးတယ်၊ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ဆိုရင် အချိန် အတိုင်းအတာ ကာလ အပိုင်းအခြား တစ်ခုထိလည်း လိုအပ်တယ်လို့ မစ္စတာ တေလာဆင်က လက်ခံ ထားပါတယ်။

မစ္စတာ တေလာဆင်ရဲ့ ခရီးစဉ် မတိုင်ခင် တစ်ရက်စောပြီး မြန်မာ့ တပ်မတော်ကတော့ သူတို့ အနေနဲ့ အောက်ခြေအဆင့်ထိ ရခိုင်ပြည်နယ်ထဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကျူးလွန် ခဲ့ဘူး ဆိုပြီး ယတိပြတ် ငြင်းဆိုချက် တစ်စောင် အသေးစိတ် ရေးသားပြီး ထုတ်ပြန်ခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေက မတရားမှုခံခဲ့ရတယ်လို့ ပြော