ကုလအတွင်းရေးမှူးချုပ်နဲ့ ဒေါ်စုတွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဖိလစ်ပိုင်နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတဲရက်စ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။
ရိုဟင်ဂျာအရေး အကျပ်အတည်းနဲ့ ပတ်သက်လို့ သူ့အနေနဲ့ စိတ်ပူကြောင်း မစ္စတာ ဂူတဲရက်စ်က ပြောဆိုခဲ့ပါတယ်။
ကြောက်မက်ဖွယ် နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့အတူ ရိုဟင်ဂျာတွေ အခုလို ထွက်ပြေးရတာဟာ မတည်ငြိမ်မှုနဲ့ ပြင်းထန်တဲ့ ဆောင်ရွက်မှုတွေကြောင့် ဖြစ်တယ်လို့သူက အာဆီယံ အစည်းအဝေး တက်ရောက်သူ တွေကို ပြောခဲ့ပါတယ်။
ဒီတွေ့ဆုံဆွေးနွေးမှုမှာ ပဋိပက္ခတွေချုပ်ငြိမ်းနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ကိုလည်း ကုလသမဂ္ဂဘက်က တိုက်တွန်းခဲ့ပါတယ်။
ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ မြန်မာစစ်တပ်က ကျူးလွန်တယ် ဆိုပြီး နိုင်ငံတကာက စွပ်စွဲမှုတွေ ရှိနေတာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
လာမဲ့ ရက်ပိုင်းအတွင်းမှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတေလာရ်ဆန်ဟာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပြီး ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ပတ်သက်လို့ ဆွေးနွေးဖွယ် ရှိနေပါတယ်။
မောင်တော ပဋိပက္ခဖြစ်စဉ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ အပြစ်မဲ့ ရွာသူရွာသားတွေကို သတ်ဖြတ်တာ ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလုပ်ခဲ့တာ ၊ ရွာသားတွေကို ဥပဒေမဲ့ ရိုက်နှက် သတ်ဖြတ်တာတွေ မရှိခဲ့ဘူးလို့ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့က တွေ့ရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။




