ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NLDအစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားရှိနေဆဲ
လက်ရှိ အကျဉ်းထေင်တွေထဲမှာ ထောင်ကျပြီး နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ရှိပြီး အမှုရင်ဆိုင်နေရသူ ၂၀ဝ နီးပါးရှိနေတယ်လို့ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းက ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် ၆၆ ဃ နဲ့ ရင်ဆိုင်နေရသူ ငါးဆယ်ကျော် ရှိပေမယ့် ဒါတွေကိုတော့ ထူးခြား ဖြစ်စဉ် အဖြစ် သတ်မှတ်တယ်လို့ အေအေပီပီရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် က ပြောပါတယ်။
အမှု ရင်ဆိုင်နေရသူတွေ အနက် အပြင်ကနေ အမှု ရင်ဆိုင် နေသူ ၁၂၁ ယောက် ရှိပြီး ထောင်ပြင် ကနေ ရင်ဆိုင်နေရသူ ၇၅ ယောက် ရှိကာ သူတို့ဟာ မတရားအသင်းနဲ့ ဆက်သွယ်သူတွေ လယ်ယာသိမ်း မြေသိမ်းမှုတွေ နဲ့ တခြား စွဲဆိုချက်တွေ ပါတယ်လို့ သူက ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသား သတ်မှတ် ဖွင့်ဆိုချက်နဲ့ ပတ်သက်လို့ အရင် အစိုးရ လက်ထက် ၂၀၁၃ ခုနှစ်တုန်းက လက်ကျန် နိုင်ငံရေး အကျဉ်းသား စီစစ်ရေး ကော်မတီမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဉီးဉာဏ်ဝင်း က တင်ပြခဲ့ရာမှာ နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ်လို့ ဖမ်းဆီး ခံထားရသူတွေကို နိုင်ငံရေး အကျဉ်းသား အဖြစ် သတ်မှတ်တယ်လို့ ဖော်ပြထားခဲ့ဖူးပြီး ၂၀၁၄ မှာ အဲဒီ သတ်မှတ်ချက်နဲ့ လူတော်တော်များများကို လွှတ်ပေးတာ ရှိခဲ့ဖူးတယ်လို့ ကိုဘိုကြည်က ရှင်းပြပါတယ်။
လက်ရှိ အစိုးရ လက်ထက်မှာ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းနဲ့ အစိုးရက တာဝန်ရှိသူတွေ တွေ့ဆုံတာမျိုး မရှိသေးဘူးလို့ သူက ပြောပါတယ်။
လက်ရှိ အကျဉ်းထောင်တွေမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို အစိုးရက အမြန် ကိုင်တွယ် ဖြေရှင်းသင့်ပြီး လက်ရှိ ထောင်တွေမှာ လူဉီးရေ ပြည့်ကျပ်တာမျိုးနဲ့ အကျဉ်းသားတွေကို ထားတဲ့ အခြေအနေတွေက တိုးတက်ဖို့ လိုနေကြောင်း ကိုဘိုကြည်က ထောက်ပြပါတယ်။
တကယ်တမ်းမှာ အစိုးရက ကော်မတီ တရပ်ဖွဲ့ကာ စနစ်တကျ သုံးသပ် လေ့လာသင့်တဲ့အပြင် လွှတ်တော်ပိုင်းကလည်း ဥပဒေတွေ ပြုပြင်သင့်သလို ဌာနဆိုင်ရာ အသီးသီးက လည်း စုပေါင်း အဖြေရှာဖို့ လိုနေပြီလို့ သူက ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသား ပြဿနာဟာ ၁၉၆၂ ကတည်းက ရှိနေခဲ့တဲ့ ပြဿနာတွေ ဖြစ်တဲ့ အပြင် ပြဿနာရဲ့ အရင်းခံ ဖြစ်တဲ့ ပြည်တွင်းစစ် ပြဿနာ ၊ လယ်ယာမြေ ပြဿနာ နဲ့ တခြား အခွင့်အရေး ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်မှသာ ရလဒ်ကောင်းတွေ ထွက်ပေါ်လာမှာ ဖြစ်တယ်လို့ ကိုဘိုကြည်က ပြောပါတယ်။